ညောင်ရွှေမြို့နယ်တွင် အကြီးဆုံးလက်ခုပ်ပင်ကြီးတစ်ပင်ကို တွေ့ရှိ မှတ်တမ်းတင်

Listing Description

ညောင်ရွှေ ဒီဇင်ဘာ ၁၂

 ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်တွင် အကြီးဆုံးဟုယူဆရသော လက်ခုပ်ပင် ကြီးအား ဒီဇင်ဘာ ၁၁ ရက်တွင် မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေး မှတ်တမ်း တင်ခဲ့ကြောင်း သိရသည်။

 “ညောင်ရွှေမြို့နယ် တောင်ခြေမြင်းစာခွန့်ကျေးရွာအုပ်စု လက်ခုပ်ပင်ရွာမှာ အရွယ်အစား ကြီးမားတဲ့ လက်ခုပ်ပင်ကြီးရှိကြောင်း ဒေသခံပြည်သူတစ်ဦးရဲ့ သတင်းပေးပို့ချက်အရ ဝန်ထမ်းများ နဲ့ ကွင်းဆင်းမှတ်တမ်းတင်ခဲ့ပါတယ်၊ တွေ့ရှိခဲ့ရတဲ့ လက်ခုပ်ပင်ကြီးမှာ ရင်စို့လုံးပတ် ၄၁ ပေ နှစ် လက်မရှိပြီး ဒေသခံတွေရဲ့ ဘိုးဘွားစဉ်ဆက် ထိန်းသိမ်းလာမှုကြောင့် ယခုလို ရှင်သန်ကြီးထွားစွာ ဖြစ်တည်နေတာကို တွေ့ရှိရပါတယ်”ဟု မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇမ်ဆွမ်းခိုင်က ပြောသည်။

လက်ခုပ်ပင်သည် အများအားဖြင့် ရင်စို့လုံးပတ်အကြီးဆုံး ခြောက်ပေမှ ရှစ်ပေခန့်အထိ တွေ့ရှိရသော်လည်း ယခုမှတ်တမ်းတင်နိုင်ခဲ့သော လက်ခုပ်ပင်မှာ ရင်စို့လုံးပတ် ၄၁ ပေ နှစ်လက်မ ရှိကြောင်း၊ လက်ခုပ်ပင်သည် အရွက်ကြွေသော အပင်အမျိုးအစားဖြစ်ပြီး ကရင်ပြည်နယ်၊ မွန်ပြည် နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့တွင် အများဆုံးပေါက်ရောက်လေ့ရှိကြောင်း၊ ရှမ်းပြည်နယ်တွင် အရွယ်အစားကြီးမားသည့် လက်ခုပ်ပင်ကြီးကို ယခုကဲ့သို့ တွေ့ရှိရခြင်းသည် ထူးခြားကြောင်း၊ ယခုတွေ့ရှိရသည့်အပင်ထက် ပိုမိုကြီးမားသော လက်ခုပ်ပင်တွေ့ရှိပါက လက်ရှိ အပင်ကြီး၏ အကြီးဆုံးဖြစ်မှုအဆင့်ဆင့်ကို လိုအပ်သလိုပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည် နယ် သစ်တောဦးစီးဌာနသည် ပြည်နယ်အတွင်း သက်တမ်းရင့်သစ်ပင်ကြီးများကို ရှာဖွေမှတ်တမ်း တင်ပြီး ရေရှည်တည်တံ့စေရေးအတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်းထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။

ထို့ပြင်  ဒီဇင်ဘာ ၆ ရက်ကလည်း ညောင်ရွှေမြို့နယ် အင်းတန်းကျေးရွာအုပ်စု ဒုံထီဗွက်ကျေး ရွာအနီးရှိ ရင်စို့လုံးပတ် ၁၈ ပေ ခုနစ်လက်မရှိ သစ်ဆိမ့်ပင်ကြီးကိုလည်း အကြီးဆုံးအပင်အဖြစ် မှတ် တမ်းတင်နိုင်ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

နေမျိုးသူရိန်