လီလီကြာညွန့် (၁၉၂၈ - ၂၀၁၇)

Listing Description

အားကစားသမား၊ အဆိုတော် လီလီကြာညွန့်ကို စက်ရှင်တရားသူကြီး ဦးကြာညွန့်၊ ဒေါ်စောညွန့်တို့မှ ၁၉၂၈ ခု၊ ဧပြီလ ၁၉ ရက်တွင် ရန်ကုန်၌ မွေးသည်။ စိန့်ဖိလစ် အင်္ဂလိပ်အလယ်တန်းကျောင်း၌ ပညာသင်ခဲ့သည်။

၁၉၄၈ ခု၊ မြန်မာနိုင်ငံ၌ ပထမဆုံးလုပ်သည့် အမျိုးသမီး ဘားကျွမ်းပြိုင်ပွဲတွင် မြေပြင်ကျွမ်း၊ သေတ္တာဘား၊ တန်းဘား သုံးမျိုးဝင်ပြိုင်ရာ ပထမချည်း ရသည်။ ၁၉၄၉၊ ၁၉၅၀ များတွင်လည်း ဗိုလ်စွဲရာ ဖလားပိုင် ရခဲ့သည်။

 

ဖခင်ပြောင်းသည့် ပြည်သို့ လိုက်နေစဉ် ပြည်မြို့ လွတ်လပ်ရေးအားကစားပွဲ၌ လှံတံပစ်နှင့် မီတာ ၁၀၀ ပြေးပွဲတို့တွင် ပထမရသည်။ ပြည်တော်သာစီမံကိန်းပြပွဲတွင် ပြည် မြို့မတူရိယာအဖွဲ့နှင့် ဖျော်ဖြေရသေးသည်။

 

ရန်ကုန်တိုင်း အမျိုးသမီး ကိုယ်လက်ကြံ့ခိုင်ရေးမှူးအဖြစ် ခန့်ထားခံရပြီးနောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်ကလေး၊ ဦးဇော်ဝိတ်၊ ဒေါ်ထွားကြူ၊ ဒေါ်ကြင်စီ၊ ဆရာဝန် ဒေါ်ပိုပို၊ ဦးနွဲ့ (ဘောလီဘော)၊ ဦးသံချောင်း (ဘတ်စကတ်ဘော)၊ ဦးလှမြင့် (ဘားကျွမ်း) တို့ထံ သင်တန်းတက် ပညာယူသည်။

နယ်မြို့များသို့ လှည့်ကာ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ဘောလီဘော၊ ဘတ်စကတ်ဘော၊ ဘောလုံး စသည့် အားကစားနည်းတို့ကို ရက်တိုသင်တန်း ပေးသည်။

၁၉၅၄ ခု၊ ဖေဖော်ဝါရီလတွင် အမျိုးသားတံခွန်စိုက် အားကစားပြိုင်ပွဲတွင် သံလုံးပစ်နှင့် လှံတံပစ်တို့၌ အကောင်းဆုံးစံချိန် ရ၍ အာရှအားကစားပွဲအတွက် အရွေးခံရသည်။ ပြည်ပသို့ သွားပြိုင်ရသော ပထမဆုံးအမျိုးသမီး ဖြစ်လာသည်။

ဟယ်ရီစံတင့်နှင့် တွဲဆိုသည့် တရွာစီနေ မှာ ပထမဆုံး အသံလွှင့်တေး ဖြစ်သည်။

၁၉၅၈ ခုတွင် ဦးအောင်ကျော် နှင့် လက်ထပ်သည်။ ၁၉၈၇ ခုတွင် ခင်ပွန်းဖြစ်သူ အမှုထမ်းရာ အမေရိကန်သို့ လိုက်သွားရာ ၁၉၉၁ ခုတွင် ပြန်လာသည်။ မင်းခေါင်ကျော်၊ ရတနာကျော်၊ အာသာဝတီကျော်၊ သတိုးကျော်၊ ပုဏ္ဏမီကျော် ဟူသော သားသမီး ၅ ယောက် ရသည်။

၂၀၁၇ ခု၊ ဩဂုတ်လ ၂၆ ရက်တွင် ရန်ကုန်တွင် ကွယ်လွန်ခဲ့သည်။

သီဆိုခဲ့သော တေးသီချင်းများ

တရွာစီနေ

ချစ်တင်းဆို

မအိုသေးတဲ့ ချစ်သူ

အိပ်မက်ပေးလို့ ချစ်ရေးဆိုသလား

ပန်းကလေးဗေဒါ

ဝါဦးက မယ့်ဖူးစာ

ချစ်တေးလွှာ

ချစ်ဆွေးသံ

မှောင်ထဲက ချစ်သူ

တရောင်တည်းခြယ်

အိုကံ့ကော်တော

စံပယ်ပန်း ပန်ဦးမယ်

တနင်္ဂနွေ

တချစ်ရှာရှာ

လာသေးတယ် သာအေးရယ် ကိုမြတ်လေး

ယနေ့ပါဆိုရင်

မေတ္တာမိုးတပေါက်    

ဟိုကမ္ဘာက ကြိုပါ

မောင်ကြီးငြိမ်းချမ်း    

ခွန်းကြူလှည့်ကွယ်   

တွေးရခက်ကြီး        

မေတ္တာရွှေစောင်း      

သနပ်ခါးကျွန်မ ဘဝပုံပြင်

အနုပညာသည်များသို့

ချစ်စိတ်

အချစ်ပုံရိပ်

ညချစ်သူ

မောင်မောင်

မချစ်တော့ ပစ်ပေါ့

အဝေးဆုံးသို့

နောက်များမှ ပန်တော့မယ်ရှင်