ဦးတင်လွင်

Listing Description

၁၉၂၈-ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် အဖ ဦးအောင်သိန်း၊ အမိ ဒေါ်စိန်းတို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ ၁၉၄၀-ခုနှစ်တွင် အလယ်တန်းပညာကို ရန်ကုန်ဟိုက်စကူးကျောင်း၊ ၁၉၄၄- အထက်တန်းပညာကို နိုင်ငံတော်စံပြအထက်တန်းကျောင်းတို့တွင်လည်းကောင်း သင်ကြား ခဲ့ပြီး တက္ကသိုလ်ဝင်တန်းကို ၁၉၄၆-ခုနှစ်တွင် အလွတ်ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၉၅၁-ခုနှစ်တွင် ဝိဇ္ဇာ (ဂုဏ်ထူး) ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၆၂-ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို လန်ဒန်တက္ကသိုလ်မှ ရရှိခဲ့သည်။

၁၉၅၂ ခုနှစ်မှ ၁၉၅၄-ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်တွင် နည်းပြဆရာ၊ ၁၉၅၄-ခုနှစ်မှ ၁၉၆၃-ခုနှစ်ထိ ကျောက်ဖြူကောလိပ်တွင် လက်ထောက်ကထိက၊ ၁၉၆၃-ခုနှစ်မှ ၁၉၆၆-ခုနှစ်ထိ ပုသိမ်ကောလိပ်တွင် ကထိက၊ ၁၉၆၉-ခုနှစ်မှ ၁၉၈၇-ခုနှစ်အထိ မန္တလေးတက္ကသိုလ် အရှေ့တိုင်းပညာဌာနတွင် ကထိက(ဌာနမှူး)၊ ပါမောက္ခ၊ ၁၉၈၇-ခုနှစ်မှ ၁၉၈၉-ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာနတွင် ပါမောက္ခအဖြစ်လည်းကောင်း တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၈၈-ခုနှစ်မှ ၂၀၀၁-ခုနှစ်အထိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ပါဠိစာပေဌာနတွင် တွဲဖက်ဌာနမှူး၊ ၂၀၀၀-ပြည့်နှစ်မှ ၂၀၀၆-ခုနှစ်အထိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင် ပါဠိပါမောက္ခအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

၁၉၆၅-ခုနှစ်မှ ၁၉၇၅-ခုနှစ်အထိ အင်္ဂလိပ်သတင်းစာ (The Working People’s Daily) ၌ ပါဠိစာပေနှင့် ဗုဒ္ဓယဉ်ကျေးမှုဆိုင်ရာဆောင်းပါးများကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။ မင်းကွန်းတိပိဋကဓရဆရာတော်၏ ရှစ်တွဲ (ခြောက်အုပ်)ကို မန္တလေးတက္ကသိုလ်ဒုတိယအဓိပတိ ဆရာကြီး ဦးကိုလေးနှင့် အဓိကတွဲဖက်၍ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ သာသနာရေးဝန်ကြီးဌာနမှ ချီးမြှင့်သော "မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့"ကို ၂၀၀၄ တွင် ရရှိခဲ့သည်။