ဆေးတက္ကသိုလ် (၁) ရန်ကုန်

Listing Description

ဆေးတက္ကသိုလ် (၁) ရန်ကုန်သည် လမ်းမတော်မြို့နယ်၊ လမ်းမတော်လမ်း၊ အမှတ် ၂၄၅ တွင် တည်ရှိသည်။ ၁၉၂၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် မြန်မာနိုင်ငံဘုရင်ခံ ဆာစပင်ဆာဟာကုတ်ဘတ္တလာ (Sir Spencer Harcourt Butler)သည် ဆေးကောလိပ်ကို အုတ်မြစ်ချခဲ့သည်။ မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ် ၅ ခုအနက် ပထမဦးဆုံး တည်ထောင်ခဲ့သော ကျောင်းဖြစ်ပါသည်။ ဆေးတက္ကသိုလ်(၁) ရန်ကုန်တွင် တက္ကသိုလ် ပရဝုဏ် ၃ ခုရှိသည်။ လမ်းမတော်တွင်တစ်ခု၊ ပြည်လမ်းတွင်တစ်ခု (လိပ်ခုံးကျောင်း ဟူ၍လည်း သိကြသည်)၊ သထုံလမ်းတွင်တစ်ခု ဖြစ်သည်။ လမ်းမတော်ဆေးကျောင်းမှာ ရန်ကုန်ဆေးရုံကြီး (Yangon General Hospital)၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ သို့မဟုတ် ဂျကာဆေးရုံ ဟုလည်း အမည်တွင်သည်)တို့ အနီးတွင်ရှိသည်။ လိပ်ခုံးကျောင်းမှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာန အနီးတွင်ရှိပါသည်။ သင်တန်းကာလ ၆နှစ် တက်ရောက်သင်ကြားပြီးမှ ဆရာဝန်ဘွဲ့ကိုရရှိမည်ဖြစ်သည်။ သင်တန်းကာလ ၆ နှစ်တွင် စာတွေ့ ၅ နှစ်၊ အလုပ်သင်ဆရာဝန်ကာလ ၁ နှစ် ဖြစ်သည်။ ယနေ့ကာလတွင် လမ်းမတော်ဆေးကျောင်းအား ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်စာရင်းဝင် အဆောက်အဦးတစ်ခုအဖြစ် သတ်မှတ်ထားသည်။