အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ လမ်းမတော်

Listing Description

အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း လမ်းမတော်သည် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်း (၁၂၀-၁၄၀) တွင်တည်ရှိသည်။ စိန်ဂျွန်းကောလိပ် (ယခုလမ်းမတော် အထက ၁)ကို ၁၈၆၄ ခုနှစ်တွင် ခရစ်ယာန်သာသနာပြု ဘုန်းတော်ကြီး ဒေါက်တာမတ်ခ်စ် (Dr. J.E Marks) (ခ) ဆရာမှတ်ကြီးက စတင်တည်ထောင်ပြီး  စိန့်ဂျွန်းကောလိပ်ဟု လူသိများသကဲ့သို့ စိန့်ဂျွန်းဒိုင်အိုစီဇင် ယောကျ်ားကလေးများကျောင်း ဟုလည်းခေါ်ဆိုပြီး ၁၈၆၉ ခုနှစ်တွင် လက်ရှိကျောင်းနေရာသို့ ပြောင်းလာသည်။ မင်းညီမင်းသားများ၊ ပဒေသရာဇ် စော်ဘွားသားများ စိန်ဂျွန်းကျောင်း၌ ပညာဆည်းပူးခဲ့သည်။ အိမ်ရှေ့စံ ကနောင်မင်းသားကြီး၏ သားတော် လင်းပင်မင်းသားသည် စိန်ဂျွန်းကျောင်းထွက် တစ်ဦး ဖြစ်သည်။ စိန်ဂျွန်းကျောင်းကို ၁၈၇၉ ခုနှစ်တွင် စထောင်သည့် ဒိုင်အိုစီဇင် ယောက်ျားလေးကျောင်းနှင့် ပေါင်းကာ နောင်တွင် စိန်ဂျွန်း ဒိုင်အိုကျောင်းဟု ခေါ်ကြသည်။ ၁၉၆၅ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်တွင် ပြည်သူပိုင်သိမ်းပြီးနောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ်အဖြစ် တည်ရှိနေလျက်ရှိသည်။ အထက (၁) လမ်းမတော်၏ အဆောက်အအုံပုံစံသည် သိမ်းငှက်အတောင်ပံဖြန့်ထားသည့် ပုံစံဖြစ်ပြီး ရန်ကုန်မြို့၏ အစောဆုံးသာသနာပြုကျောင်းများတွင်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ထိုကျောင်းမှ ဆရာကြီးမင်းသုဝဏ်၊ စစ်ဘက်၊ နယ်ဘက်အားကစားနှင့် အနုပညာရှင်များစွာ မွေးထုတ်ပေးခဲ့ပါသည်။ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အထက (၁) လမ်းမတော်ကျောင်းကို ၂၄ ခုမြောက် မြို့ပြအမွေအနှစ်အဆောက်အအုံအဖြစ် အပြာရောင်ကမ္ဗည်းပြားတပ်ဆင်ခဲ့သည်။