တက္ကသိုလ်စာတိုက်နှင့် အားကစားရုံ

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ တက္ကသိုလ်စာတိုက်သည် ကိုလိုနီခေတ်လက်ရာဟန် အဆောက်အအုံ တစ်ခုဖြစ်ကာ တက္ကသိုလ်ဌာနများနှင့် ကျောင်းသား ကျောင်းသူများ၏ စာပို့လုပ်ငန်းများကို ယနေ့တိုင် ဆောင်ရွက်ပေးနေဆဲ ဖြစ်သည်။

လေးထောင့်ပုံအုတ်ကြွပ်မိုး တစ်ထပ်စာတိုက် အဆောက်အအုံသည် အလျားပေ ၉၀ ၊ အနံ ၃၂ ပေနှင့် အမြင့် ၁၃ ပေ ရှိကာ စက်ဝိုင်းခြမ်းပုံမုခ်ခုံး လေသာပြတင်းပေါက်များ တပ်ဆင်ထားသည်။ မူလက တက္ကသိုလ်စာတိုက်အဖြစ် သီးသန့်အသုံးပြုခဲ့သော်လည်း ယခုအခါတွင် ကမာရွတ်စာတိုက်ဟု သတ်မှတ်ထားကာ စာပို့သင်္ကေတမှာ ၁၁၀၄၁ ဖြစ်သည်။

တက္ကသိုလ်ရိပ်သာလမ်းနှင့် သထုံလမ်းထောင့်ရှိ တက္ကသိုလ်အားကစားရုံနှင့် လဟာပြင်ဇာတ်ရုံကို မစ္စတာချန်ချောခိုင်က ကျပ်ငွေကျပ်တစ်သိန်း လှူဒါန်းဆောက်လုပ်ခဲ့ကာ ကိုလိုနီခေတ်လက်ရာအဖြစ် ကျန်ရှိနေပြီး ယခုအခါတွင်အသုံးပြုခြင်း မရှိတော့ပါ။ အလျား ၁၀၇ ပေ ၊ အနံ ၄၂ ပေနှင့် အမြင့် ၁၆ ပေရှိသည့် ယင်းအဆောက်အအုံ၏နောက်တွင် အုတ်ခံဇာတ်ခုံကို တည်ဆောက်ခဲ့သည်။ အဆောက်အအုံကို အုတ်ကြွပ်မိုးထားကာ အလင်းရောင် ကောင်းစွာရရှိစေရန် မှန်ပြတင်းများ တပ်ဆင်ထားသည်။