ရန်ကုန်တက္ကသိုလ်၏ ဂျပ်ဆင်ကောလိပ်

Listing Description

ကျော်ညွန့် 

ယုဒသန်အသင်းတော် 
===============

နိဒါန်း
၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစ၍ ရန်ကုန်တက္ကသိုလ် ရာပြည့် သဘင်ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တက္ကသိုလ်နှင့် ပတ်သက်သောဆောင်းပါးများကို    နေ့စဉ်ထုတ်သတင်းစာ အချို့တွင် စတွေ့ရ၏။ ၂၀၂ဝ ပြည့်နှစ်၌ကား  ရာပြည့်နှစ် ဖြစ်သဖြင့် ပို၍ခပ်စိပ်စိပ် ဖတ်လာရသည်။ ဆရာဆူးငှက် ကလည်း   မန္တလေးတက္ကသိုလ်၏အစသည်   ရန်ကုန် တက္ကသိုလ်၏    လက်အောက်ခံ   မန္တလေးကောလိပ်  ဖြစ်သဖြင့် မန္တလေးတက္ကသိုလ်၏ မူလဘူတကို ရေးခဲ့၏။  
ရန်ကုန်တက္ကသိုလ်၏   ရာပြည့်ဆောင်းပါးများ၌ ဂျပ်ဆင်ကောလိပ်အကြောင်း မကြာခဏ ဖော်ပြထား သည်ကို  တွေ့ရသည်။   သို့ရာတွင်  ဂျပ်ဆင်ကောလိပ် ဖြစ်ပေါ်လာပုံကို  မတွေ့ရပေ။   ရန်ကုန်တက္ကသိုလ်၏ မူလအစသည် ရန်ကုန်တက္ကသိုလ်ကောလိပ်(Rangoon  University College)နှင့်  ဂျပ်ဆင်ကောလိပ် (Judson College)တို့ကို ပေါင်းစပ်ထားသည်ဖြစ်ရာ ဂျပ်ဆင် ကောလိပ်၏  ဖြစ်ပေါ်တိုးတက်လာပုံကို  သိလိုသူများ အတွက် ဤဆောင်းပါးကို ရေးသားလိုက်ရပါသည်။
ကောလိပ်အစ 
ကရင်လူမျိုး  ခရစ်ယာန်များသည်  အမေရိကန် သာသနာပြုဆရာများကဲ့သို့ ခရစ်ယာန်အသင်းတော်ကို  ကောင်းစွာပြုစုနိုင်ရန်   အဆင့်မြင့်ပညာသင်ကြားရေး အခွင့်အရေးရရှိလိုကြသည်။ ထို့ကြောင့် အဆင့်မြင့်ပညာ  သင်ပေးနိုင်မည့်ကျောင်း ဖွင့်လှစ်ပေးရန်  အမေရိကန် သာသနာပြု  ဆရာများအား   မေတ္တာရပ်ခံခဲ့ကြသည်။ ထို့ကြောင့် ကရင်လူမျိုးဆိုင်ရာ အမေရိကန်သာသနာပြု များသည်  ၁၈၇၀ ပြည့်နှစ် ဇန်နဝါရီလ  ၁ ရက်နေ့တွင်  စည်းဝေးကြပြီး မြန်မာနိုင်ငံရှိ  ကရင်လူမျိုးများအတွက် အထက်တန်းပညာသင်ကျောင်း    တည်ထောင်ရေး အကြံပြုချက် ရေးသားထုတ်ဝေခဲ့၏။ ထိုအကြံပြုချက်ကို အမေရိကန်ပြည်ရှိ နိုင်ငံခြားသာသနာပြုအသင်းကြီးသို့ တင်ပြခဲ့သည်။ ထိုတင်ပြချက်ကို  ၁၈၇၁ ခုနှစ် ချီကာဂို မြို့၌ ကျင်းပသော သာသနာပြုအဖွဲ့ချုပ်၏ (၅၇) ကြိမ် မြောက် အစည်းအဝေးကြီးက လက်ခံခဲ့ပြီး  ကရင်လူမျိုး များအတွက်   အထက်တန်းပညာရပ်များ   သင်ကြား ပေးမည့်    ကျောင်းတစ်ကျောင်း   တည်ထောင်ရန် သဘောတူခဲ့ပြီး    အထူးအလှူငွေ   ဒေါ်လာတစ်သိန်း ကောက်ခံရန် ဆုံးဖြတ်ခဲ့၏။
ဤသို့ဖြင့်  ၁၈၇၂ ခုနှစ် မေလ  ၂၈ ရက်နေ့တွင် ရန်ကုန်ကရင်ကောလိပ်ကို    စတင်ဖွင့်လှစ်ခဲ့သည်။ ကျောင်းဖွင့်သောအခါ    အလားအလာကောင်းသော ကျောင်းသား  ၁၇ ဦးဖြင့် ဖွင့်လှစ်ခဲ့၏။  ကရင်ကောလိပ် အမည်မှာ    (ရန်ကုန်ဘက်ပတစ်ကောလိပ်(ဝါ)   ရန်ကုန် နှစ်ခြင်းခရစ်ယာန်ကောလိပ်)    ဖြစ်၏။    ပထမဦးဆုံး ကျောင်းဥက္ကဋ္ဌမှာ ဒေါက်တာ ဂျေ  ဂျီ  ဘင်နေ(Dr. J. G.  Binney)  ဖြစ်သည်။    ကျောင်းနေရာကို   မစ္စတာဘင်းနစ် (Mr. Bennett) ၏ ခြံမြေနှင့် အဆောက်အအုံများကို ဝယ်ယူ  ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး     ယခုကူရှင်အထက်တန်းကျောင်း  နေရာဖြစ်၏။   ကောလိပ်ဟုဆိုရာ၌    အလယ်တန်းနှင့်  အထက်တန်းသာ   သင်ယူနိုင်သော   ဂျူနီယာကောလိပ် ဖြစ်သည်။
ကျောင်းဖွင့်ပြီး  နှစ်နှစ်ကြာသောအခါ   ၁၈၇၄  ခုနှစ် အစီရင်ခံစာတွင် ကျောင်းဥက္ကဋ္ဌမှာ  မစ္စတာ  စီ အိပ်ခ်ျ ကာ ပင်တာ(Rev. C.H. Carpenter)ဖြစ်လာပြီး ကျောင်းသား ဦးရေမှာ (ကျား ၄၅+ မ ၃)=၄၈ ဦးဖြစ်သည်။  ၁၂ ဦးမှာ အသက်  ၂၀ ကျော်များဖြစ်ပြီး  သုံးဦးမှာ အသက် ၁၄ နှစ်အောက်များ  ဖြစ်၏။  ဆရာဦးရေမလောက်သဖြင့်  ကျောင်းသားကြီး  သုံးဦးကို     ကျောင်းသားဆရာအဖြစ်    ခန့်ထားခဲ့ရ၏။ ကျောင်းသား  ၁၆  ဦးခန့်မှာ   ပုံမှန်ကျောင်းတက်နိုင်ခြင်း မရှိကြပေ။ 

မူလက     ကရင်ကောလိပ်ဟု   ရည်စူးဖွင့်လှစ် ခဲ့သော်လည်း သာသနာပြုရာတွင် တိုင်းရင်းသား လူမျိုးစု များ     ပေါင်းစည်းညီညွတ်ရေးနှင့်   ခရစ်ယာန်ဘာသာ အချင်းချင်း သင့်တင့်ညီညွတ်ရေးကို အထူးအားပေးလိုသဖြင့်  လူမျိုးပေါင်းစုံခရစ်ယာန်ကောလိပ်အဖြစ်     မျှော်မှန်း၍  လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ လက်ခံရန်  ဆုံးဖြတ်ခဲ့ကြ၏။ အင်္ဂလိပ်တို့၏ ပညာရေးမူဝါဒအရ ကောလိပ်အဖြစ် သီးခြား ရပ်တည်၍   မရနိုင်သဖြင့်   အိန္ဒိယနိုင်ငံရှိ    ကာလကတ္တား တက္ကသိုလ်၏  လက်အောက်ခံကောလိပ်အဖြစ်  ရပ်တည် ခဲ့ရသည်။ ထို့ကြောင့် ကာလကတ္တားတက္ကသိုလ်၏ စည်းမျဉ်း သတ်မှတ်ချက်များနှင့်အညီ စီမံဆောင်ရွက်ရသည်။

၁၈၉၂ ခုနှစ်တွင် ရှမ်းစာပေလုပ်ငန်းကို ဆောင်ရွက် နေသော  ဒေါက်တာကူရှင်  (Dr. J.N.Cushing)   သည် ကျောင်းအုပ်ကြီး   ဖြစ်လာ၏။   ဒေါက်တာကူရှင်သည် အရည်အသွေးပြည့်ဝ၍ အထက်အောက် အဖွဲ့အစည်းများ နှင့်လည်း ကောင်းစွာဆက်ဆံတတ်သူဖြစ်သဖြင့် အလွန် အဆင်ပြေပါသည်။ ကျောင်းတိုးတက်ရေးအတွက် ဆရာများ ထပ်မံခန့်ထားပေးရန် သာသနာပြု အဖွဲ့ချုပ်သို့  တင်ပြခဲ့ရာ ဆရာအင်အား တိုးချဲ့နိုင်ခဲ့၏။ ကျောင်းအရည်အသွေးလည်း မြင့်တက်လာပြီး ကျောင်းသားဦးရေ ပို၍တိုးပွားလာခဲ့၏။
ပထမ ဝိဇ္ဇာကောလိပ်
ဒေါက်တာကူရှင် ကျောင်းအုပ်ဖြစ်လာသော ၁၈၉၂ ခုနှစ်မှာပင် သူ၏ကြိုးစားမှုကြောင့် ဆရာ အရေအတွက်နှင့် အရည်အသွေးတိုးတက်လာခဲ့၏။   ထို့ကြောင့်   ရန်ကုန် နှစ်ခြင်း ခရစ်ယာန်ကောလိပ်(Rangoon Baptist College) ကို    ပထမဝိဇ္ဇာကောလိပ်အဖြစ်  (First Arts College)  ကာလကတ္တားတက္ကသိုလ်က     အသိအမှတ်ပြုခဲ့ပါသည်။ သင်ကြားပို့ချပေးသော  ဘာသာရပ်များမှာ  အင်္ဂလိပ်စာ၊ သမိုင်း၊ သင်္ချာ၊ ပါဠိ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့်  ယုတ္တိဗေဒတို့ ဖြစ်ပေသည်။  ဤသို့ဖြင့်  ၁၈၇၂   ခုနှစ်တွင်   အင်္ဂလိပ် ဘာသာဖြင့် သင်ကြားပေးသော ပထမဝိဇ္ဇာကောလိပ်(ဝါ)  ဥပစာကောလိပ် (Intermediate College)အဆင့်သို့ ရောက်ခဲ့၏။

ဥပစာကောလိပ်ဖြစ်လာသောအခါ ကျောင်းသားဦးရေ လည်း တိုးပွားလာ၏။  ထိုအခါ  လမ်းတစ်ဖက်၌ရှိသော ကရင်ကျမ်းစာ      ကျောင်းဟောင်းနေရာ  မြေကွက်နှင့် အဆောက်အအုံများကို   ဝယ်ယူလိုက်ပြီး     (ယခု ၁၄၃  မင်းရဲကျော်စွာလမ်းရှိ   မြန်မာနိုင်ငံ    နှစ်ခြင်းခရစ်ယာန် အသင်းချုပ်ဝင်း)     နှစ်ခြင်းခရစ်ယာန်ကောလိပ်အဖြစ်  ဖွင့်လှစ်ခဲ့၏။ လမ်းတစ်ဖက်၌    ကျန်ခဲ့သော   ဂျူနီယာ ကောလိပ်အဖြစ်  စဖွင့်ခဲ့သောကျောင်းတွင်  မူလတန်း၊ အလယ်တန်းနှင့်   အထက်တန်းတို့ကိုသာ  သင်ပေးခဲ့၏။ (ယခု အထက-  ၄- အလုံ)။ သို့ရာတွင် ထိုကျောင်းသည်လည်း ဘက်ပတစ်ကောလိပ်(ဝါ) နှစ်ခြင်းခရစ်ယာန်ကောလိပ်၏ အပါအဝင်ကျောင်းဖြစ်ပေသည်။
ဥပစာကောလိပ် စဖွင့်သော ၁၈၉၂ ခုနှစ်၌ပင် နှစ်ခြင်း ခရစ်ယာန်ကောလိပ်အသင်းတော်လည်း ပေါ်ပေါက်စေခဲ့၏။ သီးခြားဗိမာန်တော်  တည်ဆောက်ခြင်းမပြု။   ကျောင်း၏ ကျယ်ဝန်းသော   ခန်းမတစ်ခု၌   ဝတ်ပြုစည်းဝေးခြင်းများ ပြုလုပ်ခဲ့၏။ ကောလိပ်ကျောင်းအသင်းတော်၏  ပထမ ဦးဆုံးသော သင်းအုပ်ဆရာမှာ ကောလိပ်၌ စာသင်ပြရန်  ၁၈၉ဝ   ပြည့်နှစ်၌   ရောက်ရှိလာသော ဆရာ  ဒေးဗစ် စီဂီးလ်မိုး   (David C. Gillmore)  ဖြစ်သည်။ ဆရာ ဒေးဗစ်စီဂီးလ်မိုး  ခေတ္တအနားယူရန်   အမေရိကန်သို့ ၁၈၉၆ ခုနှစ် ပြန်သွားသောအခါ ဒေါက်တာဂျိုဇားယား ကူရှင်က ကောလိပ်ကျောင်းအုပ်ဘဝမှာပင်  ကောလိပ် အသင်းတော်၏   သင်းအုပ်ဆရာအလုပ်ကိုပါ   တွဲဖက် ဆောင်ရွက်ခဲ့၏။ ကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာ ကူရှင်သည်    သူကွယ်လွန်သည့်   ၁၉၀၅   ခုနှစ်အထိ သင်းအုပ်ဆရာတာဝန်ကို တွဲဖက်ထမ်းဆောင်ခဲ့သည်။
ဒေါက်တာကူရှင် ကျောင်းအုပ်ဖြစ်လာသည့်အချိန်မှ  အစပြု၍     နှစ်ခြင်းခရစ်ယာန်ကောလိပ်   (Baptist College)သည် တဖြည်းဖြည်းတိုးတက်ကြီးပွားလာရာ  ကျောင်းသားများအရေအတွက်      များလာသဖြင့် အဆောက်အအုံအသစ်များ   တိုးချဲ့ဆောက်လုပ်ခဲ့ရ၏။ ထိုအဆောက်အအုံအသစ်များအနက်       ကျယ်ဝန်း ခမ်းနားသော  ကူရှင်ခန်းမဆောင်လည်း  ပါဝင်ခဲ့သည်။ တိုင်းရင်းသားဘာသာစကားဖြင့်  သင်ကြားပို့ချခဲ့သော  ဂျူနီယာကောလိပ်မှ    အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားပို့ချရသော   ပထမဝိဇ္ဇာကောလိပ်အဖြစ်သို့ မြှင့်တင်ပေးခဲ့သော   ဒေါက်တာဂျိုဇားယားကူရှင်ကို ဂုဏ်ပြုသောအားဖြင့်    ထိုခန်းမဆောင်ကို   ကူရှင် အောက်မေ့ဖွယ်ခန်းမဟု ခေါ်တွင်ခဲ့သည်။ ကူရှင်ခန်းမ သည်  လူဦးရေ  ၁၅၀၀  ဝင်ဆံ့သော   ခန်းမဖြစ်၍ ကျောင်းသား ကျောင်းသူများ စုဝေးရာ ဝတ်ပြုရာနေရာ အဖြစ် အသုံးပြုခဲ့သည်။
ပထမဝိဇ္ဇာကောလိပ်ဖွင့်ပြီး ၁၇ နှစ်ကြာသောအခါ  ကျောင်သားဦးရေနှင့် ဆရာဦးရေ  များပြားလာသဖြင့် ၁၉၀၉ ခုနှစ်တွင် B.A.(Bachelor of Arts)ကို တိုးချဲ့ သင်ကြားပေးနိုင်ခဲ့သည်။ ဤသို့ဖြင့် နှစ်ခြင်းခရစ်ယာန် ကောလိပ်သည်   အလယ်တန်းမှစ၍  (B.A)   အထိ  သင်ကြားပို့ချနိုင်ခဲ့သည်။ ဆရာကြီးယုဒသန်၏ ရာပြည့် နှစ်ဖြစ်သော   ၁၉၁၃   ခုနှစ်တွင်  နှစ်ခြင်းခရစ်ယာန် ကောလိပ်၌ ကျောင်းသား ကျောင်းသူပေါင်း ၁၆၀၀ ကျော်  တက်ရောက်ကြကြောင်း   မှတ်သားရသည်။   ဤတွင် ကျောင်းအုပ်ချုပ်ရေးလုပ်ငန်း ဝန်ထုပ်သည် ကြီးလေး လာခဲ့၏။ ၁၉၁၆ ခုနှစ်တွင်  ကောလိပ်ကျောင်းအုပ်ကြီး အဖြစ် စတင်ဆောင်ရွက်ခဲ့သော ဒေးဗစ်စီဂီးလ်မိုးသည်  ၁၉၁၇    ခုနှစ်၌    တာဝန်ပိ၍  မကျန်းမမာဖြစ်ခဲ့၏။ ထို့ကြောင့် လုပ်ငန်းတာဝန်များ လွယ်ကူသက်သာစေရန် ကောလိပ်ကျောင်းနှင့်    အထက်တန်းကျောင်းများကို  ခွဲခြားအုပ်ချုပ်စေခဲ့သည်။       

ဂျပ်ဆင်ကောလိပ်
၁၉၀၅ ခုနှစ်တွင် အမေရိကန်ပြည်သို့ ခေတ္တနားရန် ပြန်သွားခဲ့သော ဒေါက်တာကူရှင်သည် အမေရိကန်၌ပင် ရုတ်တရက် ဘုန်းတော်ဝင်စားသွား၏။ ဒေါက်တာကူရှင် မရှိတော့သောအခါ   ကျောင်းအုပ်မှာ    Mr. Hicks ဖြစ်လာသည်။ ကျောင်းအုပ်ကြီးဟစ်သည်  ၁၉၁၁ ခုနှစ် ကပင် မြန်မာတက္ကသိုလ် ဖြစ်လာရေးအတွက် တိုက်တွန်း ခဲ့၏။ ထိုတက္ကသိုလ်သည် ကာလကတ္တားတက္ကသိုလ်ကဲ့သို့  စာစစ်ပေးရေးတက္ကသိုလ်မျှသာမဟုတ်ဘဲ  သုတေသန ပြုရေး အခြေခံသော သင်ကြားရေးတက္ကသိုလ်  ဖြစ်သင့် သည်ဟု ကျောင်းအုပ်ကြီးဟစ်က အခိုင်အမာ အကြံပြုခဲ့ သည်။ Bachelor of Arts ကို ၁၉၀၉ ခုနှစ်၌ စတင်ပို့ချ ခဲ့သော်လည်း လက်တွေ့စမ်းသပ်မှုများ  ဆောင်ရွက်ရန် ပစ္စည်းအခက်အခဲများရှိသဖြင့်  Bachelor of Science  ကို သင်ကြားပို့ချနိုင်ခြင်း မရှိခဲ့ချေ။ ၁၉၁၇ ခုနှစ်ကျမှသာ B.Sc    သင်တန်းများကို   စတင်ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုနှစ်မှာပင်   မြန်မာနိုင်ငံ   ကိုလိုနီအစိုးရသည်လည်း ဂုဏ်သရေရှိ မြန်မာနိုင်ငံသားများ၏ တိုက်တွန်းချက်အရ မြန်မာနိုင်ငံ တက္ကသိုလ်ဖွင့်လှစ်ရန် အစီအမံများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင်  မြန်မာနိုင်ငံ အစိုးရကောလိပ်နှင့် နှစ်ခြင်းခရစ်ယာန်ကောလိပ်တို့သည် ကာလကတ္တားတက္ကသိုလ်၏ အဆင့်မျှနှင့် ကျေနပ်နိုင်ခြင်း မရှိကြပေ။ သီးခြားတက္ကသိုလ်ဖွင့်လှစ်၍ ကာလကတ္တား ထက် အဆင့်မြင့်လိုကြ၏။
အစိုးရကောလိပ်မှ          တက္ကသိုလ်အဆင့်သို့ တက်လှမ်းရန် မူဝါဒများရေးဆွဲ၍ ဥပဒေပြုနေစဉ်၌ပင် ၁၉၁၉ ခုနှစ်၌ နှစ်ခြင်းခရစ်ယာန်ကောလိပ်၏ အမည်ကို (ယုဒသန်ကောလိပ်  Judson  College)ဟု   အမည် ပြောင်းခဲ့၏။    မြန်မာနိုင်ငံသို့    ခရစ်ယာန်နှစ်ခြင်း သာသနာကို အခြေတကျဖြစ်စေရန်နှင့် အင်္ဂလိပ် - မြန်မာ  အဘိဓာန်၊ မြန်မာ- အင်္ဂလိပ် အဘိဓာန်တို့ကို ပြုစုခဲ့သော ဆရာကြီး ယုဒသန်ဇနီးမောင်နှံကို ဂုဏ်ပြုသောအားဖြင့်  Judson College  ဟု  အမည်ပြောင်းခြင်းဖြစ်ကြောင်း သိရသည်။ ဤနေရာ၌ အချို့သော  ဆောင်းပါးများတွင် အမည်ပြောင်းသောနှစ်ကို  ၁၉၁၈  ဟု  ဖော်ပြထားကြ ကြောင်း တွေ့ရသည်။ ၁၉၀၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး Judson College ၏ ဒဿနိကဗေဒဌာန ၏ ပါမောက္ခအဖြစ်၊  ကျောင်းအုပ်ကြီးအဖြစ်၊ Judson College ၏   သင်းအုပ်ဆရာအဖြစ်တို့ကို       ပူးတွဲ ထမ်းဆောင်ခဲ့သော ဆရာကြီး Dr. Wallace St. John ၏ မှတ်တမ်းတွင် Judson College ဟု အမည်ပြောင်းသော နှစ်ကို  ၁၉၁၉ ခုနှစ်ဟုသာ  မှတ်တမ်းတင်ထားကြောင်း တွေ့ရသည်။ သမိုင်းပါမောက္ခ ဆရာကြီး ဦးထွန်းအောင်ချိန် ၏ ဆောင်းပါး၌လည်း ၁၉၁၉ ခုနှစ် Baptist College မှ Judson College အမည်သို့ ပြောင်းလဲခဲ့သည်ဟု တွေ့ရပေ သည်။
၁၉၂ဝ ပြည့်နှစ်၌  မြန်မာကောလိပ်  နှစ်ခုတို့သည် ကာလကတ္တားတက္ကသိုလ်မှ  နုတ်ထွက်၍  သီးခြားရန်ကုန် တက္ကသိုလ် ဖွင့်လှစ်ရန် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ထုတ်ပြန်ခဲ့ပြီး ထိုဥပဒေအရ ၁၉၂၀ ပြည့်နှစ်  ဒီဇင်ဘာလ  ၁ ရက်နေ့တွင်  အတည်ဖြစ်သည်ဟု အစိုးရက ကြေညာ ခဲ့သည်။   ထိုဥပဒေသည်   မြန်မာကျောင်းသားအများစု  တက္ကသိုလ်တက်ရန်   အခက်အခဲဖြစ်စေမည့်    ဥပဒေဟု  ကောလိပ်ကျောင်းသားများက ကြိုမြင်သဖြင့် ထိုဥပဒေကို သပိတ်မှောက်ခဲ့ကြသည်။    မြန်မာနိုင်ငံ    အမျိုးသား    လွတ်မြောက်ရေးလှုပ်ရှားမှု၌ ပထမဦးဆုံးသော   တက္ကသိုလ်  သပိတ်ဖြစ်လေသည်။ မည်သို့ပင်ဖြစ်စေ   အင်္ဂလိပ်အာဏာ ပိုင်တို့သည်  ရန်ကုန်အစိုးရကောလိပ်နှင့် ဂျပ်ဆင်ကောလိပ် တို့ကို ပူးပေါင်း၍  ရန်ကုန်တက္ကသိုလ်ဟု  ဥပဒေအရ ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့၌ စတင်ဖွင့်လှစ်ခဲ့၏။
တက္ကသိုလ်အဆောက်အအုံများ   ဆောက်လုပ်ရန် အတွက် ၁၉၂၆ ခုနှစ်တွင် ရွှေတိဂုံဘုရားလူကြီး ဦးဘကျော် ပိုင်ဆိုင်သော ဥယျာဉ်ခြံမြေ  ၄၀၃ ဧကကို အိန္ဒိယအစိုးရက ရန်ကုန်တက္ကသိုလ်အတွက် ဝယ်ပေးခဲ့သည်ဟု ဆိုပါသည်။ အင်္ဂလိပ်အစိုးရက နှစ်ခြင်းခရစ်ယာန်သာသနာပြုအဖွဲ့အား  ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်မည့် နေရာသို့ ပြောင်းရွှေ့ကြရန် တိုက်တွန်းလေသည်။ ခရစ်ယာန်သာသနာပြုအဖွဲ့ကလည်း Judson Collegeမှာ မြေနှင့် အဆောက်အအုံအသစ်များ နှင့် အခြေတကျဖြစ်နေပြီ ဖြစ်သဖြင့် မပြောင်းရွှေ့လိုကြောင်း၊ အသစ်ဆောက်လုပ်ရန် ငွေမရှိတော့ပါကြောင်း စကားပြန်ခဲ့ သည်။  ဤတွင်  အင်္ဂလိပ်အစိုးရက Judson College ဆောက်လုပ်ရန် မြေ  ၅၆ ဒသမ ၅ ဧကကို   အခမဲ့ပေးမည် ဖြစ်ကြောင်း၊     အဆောက်အအုံဆောက်လုပ်ရန်လည်း ထက်ဝက်စိုက်ပေးမည်ဖြစ်ကြောင်း  တိုက်တွန်းဆွဲဆောင် လေသည်။  အစိုးရကောလိပ်ကို    တက္ကသိုလ်ကောလိပ် (University College)ဟု အမည်တွင်စေပြီး  စိတ်ကူးယဉ်  ရေးဆွဲထားသော  အဓိပတိလမ်း  (ထိုစဉ်က တက္ကသိုလ် ရိပ်သာလမ်း)နှင့်   အင်းလျားကန်     (ထိုစဉ်က    Victoria Lake)  ကြား၌ နေရာယူပါသည်။ Judson College ကို  အဓိပတိလမ်းနှင့်      ပြည်လမ်းမကြား၌     နေရာယူစေ ပါသည်။
Judson College နေရာသစ်၌ အဆောက်အအုံများကို ၁၉၂၇  ခုနှစ်တွင်     စတင်ဆောက်လုပ်ခဲ့သည်။    ရှေးဦးစွာ ကျောင်းသားများအဆောင်အဖြစ် North Hall (ယခု ရွှေဘို ဆောင်)၊ Willington (ပေးလှူသူ)၊ Hall(ယခု ဒဂုံဆောင်)၊  နှင့် ဆရာများနေအိမ်တို့ကို ဆောက်လုပ်ခဲ့၏။ ၁၉၂၈ ခုနှစ် ဇွန်လ  ကျောင်းဖွင့်သောအခါ  ကျောင်းသားဆောင်များ ပြီးစီးနေပြီဖြစ်၏။ ထိုအခါ  ခရစ်ယာန်များ  ဝတ်ပြုရန် နေရာကို     အဆောင်နှစ်ခုကြားရှိ    ထမင်းစားဆောင် အပေါ်ထပ်၌ ဝတ်ပြုခဲ့ကြကြောင်း သိရပါသည်။

ကျောင်းသူများ     အဆောင်ဖြစ်သော       Benton (ပေးလှူသူ)၊   Hall   (ယခု သီရိဆောင်)ကို   ၁၉၂၈   ခုနှစ် နိုဝင်ဘာလ  ၃  ရက်နေ့၌  အုတ်မြစ်ချခဲ့၏။  ထို့နောက် တစ်ဆက်တည်းပင် စာသင်ခန်းမဆောင် Judson Hall ကို  အုတ်မြစ်ချခဲ့သည်။      တချို့သောဆောင်းပါးများတွင်   Judson Church ကို Judson Hall  ဟု လွဲမှားစွာ  ရေးသား ထားကြောင်း  တွေ့ရသည်။  Judson Hall  ဟု   အမည်တွင် နေသောခန်းမမှာ  ယခုအခါ Arts Hall(ဝိဇ္ဇာခန်းမ)ခေါ်သော   အဓိကစာသင်‌ဆောင်ကို ခေါ်ခြင်းဖြစ်သည်။ ၁၉၃ဝ  ပြည့်နှစ်   ဇွန်လ ကျောင်းဖွင့်သောအခါ Benton Hall ၌ ကျောင်းသူများ  စတင်နေထိုင်ကြပြီ    ဖြစ်သည်။  ထိုအချိန်တွင် Judson College   အတွက်   ဆောက်လုပ်ရန်    လျာထားသော အဆောက်အအုံ ၂၃  ခုအနက်  ၁၆ ခု  ပြီးစီးပြီဖြစ်ကြောင်း သိရပါသည်။

ခရစ်ယာန်ကျောင်းသား ကျောင်းသူများ တနင်္ဂနွေ နေ့ ဝတ်ပြုစည်းဝေးခြင်းများကိုလည်း ကျောင်းသားများ ထမင်းစားဆောင် အပေါ်ထပ်၌ ဝတ်ပြုနေရာမှ  Judson Hall  ခေါ်  Art Hall ဆောက်လုပ်ပြီးစီးသွားသောအခါ  ထိုနေရာသို့   ပြောင်းရွှေ့ဝတ်ပြုကြပါသည်။   Judson Church အတွက်  အုတ်မြစ်ချသော    ၁၉၃၁   ခုနှစ်၌  Judson Hall  ၌ ဝတ်ပြုနေကြပြီဖြစ်ပါသည်။ Judson Churchကို ၁၉၃၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၁ဝ နာရီ မိနစ် ၃ဝ တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။ ထိုဖွင့်ပွဲ၌ Judson College  နှင့် Church ၏ သင်းအုပ် ဆရာဖြစ်သူ   Rev. Dr. Wallace St. John က ကောင်းချီးပေး  အဆုံးသတ်ခဲ့သည်ဟု သိရပါသည်။
ဂျပ်ဆင်ဘုရားရှိခိုးကျောင်း
Judson College သာယာလှပစေရန် ချန်ထားသော  မူလသစ်ပင်များနှင့် စိုက်ပျိုးထားသော သစ်ပင်များအား နောင်သောအခါတွင် သစ်ပင်အမည်များ ရေးကပ်ထား ကြောင်း  တွေ့ရ၏။   သစ်ပင်စိုက်ခြင်း၊ အမျိုးအမည်ပေးခြင်း  တို့ကို ဇီဝဗေဒဌာနမှ ပါမောက္ခဖြစ်သူ  Dr. Dickason က    ဆောင်ရွက်ခဲ့ကြောင်း    သိရသည်။  Dr. Dickason သည် ကျောင်းဝင်းအတွင်း   ပြည်လမ်းမဘေး၌   လှပစေရန် စိန်ပန်းနီများကိုလည်း   စိုက်ခဲ့ကြောင်း   စာရေးဆရာမ မိုင်ခခွေးက ရေးသားခဲ့ပါသည်။ 

Judson  College၏  အစဉ်အလာတစ်ခုမှာ ဒဿနိကဗေဒဌာန၏ ပါမောက္ခသည်  ကျောင်းအုပ်အဖြစ် လည်း ဆောင်ရွက်ရ၏။ လိုအပ်လျှင်  သင်းအုပ်ဆရာအဖြစ် လည်း ဆောင်ရွက်ရ၏။ ဤသို့ဖြင့် ဒေါက်တာလှဖူးသည် ၁၉၄ဝ ပြည့်နှစ်တွင် တိုင်းရင်းသားထဲမှ Judson College ၏ ကျောင်းအုပ်အဖြစ်နှင့်   ဒဿနိကဗေဒဌာန၏ ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့ပေသည်။
ကိုးကားချက် ။ ။ ယုဒသန်ဗိမာန်တော်  ရွှေရတု မဂ္ဂဇင်း(၁၉၃၂ - ၁၉၈၂)