မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်

Listing Description

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်သည် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် တည်ရှိပါသည်။ အကျယ်အဝန်း ၁၄.၆၇၈ ဧကရှိပါသည်။ ၁၉၆၃ ခုနှစ်မှ စတင်၍ ကုန်သွယ်ရေကြောင်းနှင့် အင်ဂျင်နီယာအရာရှိလောင်း သင်တန်းများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဆိပ်ကြီးရေတပ်လေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ်ခဲ့ပါသည်။ ကုန်သွယ်ရေကြောင်း(အမှုထမ်း)များအတွက် ရှေ့ပြေးအစီအစဉ်များကို ရေးဆွဲပြီး ၁၉၇၁ ခုနှစ် အောက်တိုဘာ ၁ရက်တွင် ကုန်သွယ်ရေကြောင်းလေ့ကျင့်ရေးကျောင်းကို တည်ထောင်ခဲ့သည်။ ထို့နောက် ၁၉၇၂ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ရေကြောင်းပညာသိပ္ပံကျောင်း အမည်ဖြင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းခဲ့သည်။ Lloyd's Register Quality Assurance (LRQA) မှ သတ်မှတ်ထားသော အရည်အသွေး စီမံခန့်ခွဲမှု စံချိန်စံညွှန်းနှင့် ကိုက်ညီသဖြင့် ၂၀၁၀ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် (LRQA) ကပေးအပ်သော နိုင်ငံတကာ အဆင့်အရည်အသွေး စီမံခန့်ခွဲမှု စံချိန်မီအသိအမှတ်ပြုလက်မှတ် (ISO) 9001:2008 Certification ကို ရရှိခဲ့သည်။ ရေကြောင်းနှင့် ရေကြောင်းအင်ဂျင်နီယာပညာရပ်များကို စာတွေ့လက်တွေ့အပြင် သရုပ်ပြလေ့ကျင့်မှုများနှင့် ပေါင်းစပ်ပြီး သင်ကြား လေ့ကျင့်ပေးနိုင်ခဲ့သဖြင့် ၂၀၀၉ ခုနှစ် မတ်လ (၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ရေကြောင်းပညာသိပ္ပံမှ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် အဆင့်သို့ အဆင့်မြှင့် ဖွင့်လှစ်ခဲ့သည်။ ရေကြောင်းနှင့် ရေကြောင်းအင်ဂျင်နီယာ ကဏ္ဍနှစ်မျိုးစလုံးနှင့် သက်ဆိုင်သော သင်တန်းများကို ပို့ချပေးနေသည့် တစ်ခုတည်းသော နိုင်ငံပိုင်အဖွဲ့အစည်းဖြစ်သည်။ ပင်လယ်ရေကြောင်းအမှုထမ်းများအား နိုင်ငံပိုင်နှင့် နိုင်ငံခြားကုမ္ပဏီပိုင် ရေယာဉ်များတွင် အမှုထမ်းနိုင်သည့်နိုင်ငံတကာ အသိအမှတ်ပြု ရေကြောင်းဘက်ဆိုင်ရာကျွမ်းကျင်သူများ ဖြစ်လာစေရေး လေ့ကျင့်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်တွင် အခြေခံသင်္ဘောသားမှ ရေယာဉ်မှူး၊ ပထမရေကြောင်းအင်ဂျင်နီယာအဆင့်တိုင်အောင် သက်ဆိုင်ရာပညာရပ်များကို သင်ကြားပို့ချပေးလျက်ရှိပါသည်။