သုံးပန်လှစေတီ

Listing Description

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၏မြောက်ဘက် ၇ မိုင်ခန့်အကွာ တလုပ်မြို့ကျေးရွာတွင် တည်ရှိသည်။ သီရိဓမ္မာသောကမင်းကြီးကောင်းမှု စေတီပေါင်းရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင် ဖြစ်သည်ဟုဆိုသည်။ သာသနာနှစ် ၇၇၅ ခုနှစ်တွင် ပျူစောထီးမင်းက ရွှေထီး ၇ ဆင့်ဖြင့် မွမ်းမံတည်ဆောက်ခဲ့ပြီး “သဗ္ဗညူ”ဟု ဘွဲ့မည်ဆက်ကပ်သည်။ သာသနာနှစ် ၁၆၆၁ ခုနှစ်တွင် နရပတိစည်သူမင်းက ရွှေထီး ၉ ဆင့် တင်လှူမွမ်းမံပြီး “သမ္ဘူလစေတီ”ဟု ဘွဲ့မည် ကပ်လှူသည်။ သာသနာ ၁၇၆၇ ခုနှစ်တွင် နန်းတောင်းများမင်း ဇေယျသိင်္ခသည် ထီးတော် ၁၁ ဆင့်တင်လှူမွမ်းမံပြီး “သုံးပန်လှစေတီ” ဘွဲ့မည် ကပ်လှူသည်။ သာသနာ ၂၁၈၈ ခုနှစ်တွင် ငလျင်ဒဏ်ကြော့် ပြိုပျက်သဖြင့် သာလွန်မင်း ပြုပြင်တည်ဆောက်ခဲ့သည်။ စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ၁၆၆ ပေရှိသည်။ လေးထောင့်အုတ်ခုံပေါ်တွင် ပစ္စယာခံ၍ ခေါင်းလောင်းပုံ စေတီပေါက်ထားသည်။ ပစ္စယာ ငါးဆင့်ရှိပြီး အောက်ဆုံး ပစ္စယာ၏ထောင့်လေးထောင့်တွင် ခြင်္သေ့တစ်ကောင်စီရှိသည်။ ပစ္စယာအဆင့်ဆင့်ရှိ အရံစေတီပေါင်းသည် ၆၅ ဆူ ရှိသည်။ ပစ္စယာများပေါ်တက်ရန် အရပ်လေးမျက်နှာတွင် နတ်လှေကားတစ်စင်းစီ ရှိသည်။ စေတီတော်ပရဝုဏ်အတွင်း၌ ပြည်လုံးချမ်းသာဘုရား၊ ရှင်ပင်ပေါင်းလောင်းဘုရား၊ ခြေတော်ရာဘုရား၊ ဆီမီးတစ်ထောင်ဘုရားတို့ကို ကြည်ညိုဖွယ်ဖူးတွေ့နိုင်သည့်အပြင် ကျွန်းတိုင်လုံးများဖြင့် တည်ဆောက်ထားသော စောင်းတန်းနှင့် နံရံဆေးရေးပန်းချီလက်ရာများ၊ အဓိဌာန်ပြုဆုတောင်းရာ ဆင်ဖြူတော်ရုပ်တုနှင့် ပျူခေတ်လက်ရာအိုးကြီးများ၊ သမိုင်းဝင် ကျောက်စာရုံ၊ မြို့ဝန်မင်း ရာဇသင်္ကြန်အသုံးပြုခဲ့သော ကုတင်နှင့် ဗုဒ္ဓဝင်ရုတ်တုများတို့ကို လေ့လာနိုင်သည်။