ရုပ်စုံကျောင်း (ဆီမီးခုံ)

Listing Description

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဆီမီးခုံမြို့တွင် တည်ရှိသည်။ ဆီမီးခုံမြို့သည် ရှေးယခင်နှစ်ပေါင်းများစွာအချိန်ကတည်းက တည်ရှိသောကျေးရွာကြီးဖြစ်သည်နှင့်အညီ အနုပညာလက်ရာမြောက်သော ရှေးဟောင်းဘုရားပုထိုး၊ ကျောင်းကန်များလည်း အများအပြား ရှိကြသည်။ ဆီမီးခုံမြို့ရှိ နှစ်ပေါင်း ၁၆၀ ကျော်သက်တမ်းရှိပြီဖြစ်သော ရုပ်စုံယွန်းကျောင်းကို မန္တလေးမြို့ရွှေကျောင်း ဆောက်လုပ်အပြီး နောက်တစ်နှစ် မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ် ပြာသိုလတွင် မန္တလေးရွှေကျောင်းနှင့်ပုံစံတူ အဆောင် ၃ ဆောင်ဖြင့် ဆောက်လုပ်ခဲ့ပြီး တိုင်ပေါင်း ၁၈၆ တိုင် ပါဝင်သည်။ ထိုကျောင်းကြီးကို ဆီမီးခုံအနောက်ဘက်ရှိ သာထွန်းရွာမှ ဦးတူက ဆောက်လုပ်လှူဒါန်းခဲ့သည်။ ရှေးသူဟောင်းများမှ ၎င်းကျောင်းကြီးဆောက်လုပ်သည့်ခုနှစ်ကို "အောင်ကျော်ချမ်းချစ်" ဟုလည်းကောင်း၊ "အင်ကြင်းကံကော်"ဟု လည်းကောင်း လင်္ကာဖြင့်မှတ်သားထားကြသည်။