ဂင်းနစ်မှတ်တမ်းတွင် ပါဝင်သည့် မြန်မာနိုင်ငံမှ ပုဂ္ဂိုလ်ထူးတစ်ဦး အကြောင်း

Listing Description

ဂင်းနစ်စာအုပ်သည် တစ်ကမ္ဘာလုံးမှ စံချိန်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ရာ… မြန်မာနိုင်ငံမှ ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့ ပါသည်။ အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသ ပင်ဖြစ်ပါသည်။

ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို …တချက်မှ ထောက်မ မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့် .. ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။

ဆရာတော်ကြီး၏ မှတ်ဉာဏ်ကိုချီးကျူးလိုလျှင် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲအကြောင်းကို သိထားသင့်ပါသည်။ ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး … ကမ္ဘာပေါ်တွင် အခက်ခဲဆုံးနှင့် ရက်အကြာဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။

မည်မျှခက်ခဲပါသနည်းဆိုလျှင် … စတင်စစ်ဆေးသော မြန်မာနှစ် … ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင် ၇၅-မှတ်ရမှသာ အောင်မြင်ပါသည်။

ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တကြိမ်၊ နေ့လယ် ၁-နာရီမှ၄-နာရီအထိ တကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။

သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက်ကိုပြီးအောင်ပြန်ဆိုရပါသည်။ အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။ တနေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင့်ရှိပါသည်။

၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ဝါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။ ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။

မင်းကွန်းတိပိဋကဓရဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို …တချက်မှ ထောက်မ မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။

ထိုမျှမကသေး -စာအုပ်မူကွဲ အမျိုးမျိုးရှိပါက …မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။

ရေးဖြေ ဖြေဆိုရာ၌လည်း သီလက္ခန္ခဝဂ် – ၉၃-မှတ်၊ မဟာဝဂ် – ၉၇-မှတ်၊ ပါတိကဝဂ် – ၉၇-မှတ်၊ ပါရာဇိကဏ် – ၈၉-မှတ်၊ ပါစိတ်ပါဠိတော် – ၉၉-မှတ်၊ မဟာဝဂ္ဂပါဠိတော် – ၉၂-မှတ်၊ စူဠဝဂ္ဂပါဠိတော် – ၉၈-မှတ်၊ ပရိဝါပါဠိတော် – ၁၀၀-မှတ် စသည်ဖြင့် ဘာသာတိုင်းကို … ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။

ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွါးမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။

၇-နှစ်သား အရွယ်တွင် သာမဏေဝတ်ခဲ့ပြီး ၁၅-နှစ်သားတွင် ပထမငယ်တန်း၊ ၁၆-နှစ်သားတွင် ပထမလတ်တန်း၊ ၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။

၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊ ၁၂၉၆-တွင် စာချတန်းကို လည်းကောင်း တဆက်တည်းအောင်မြင်၍

ဝဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့် ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။ ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့် …တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော …တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို …ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။

ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း … မဟာစည်ဆရာတော်ကြီး မေးသမျှကို … တလုံးတပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိဝိဿဇ္ဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။

ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓဝင်ကျမ်းကြီးများကိုလည်း ပြုစုခဲ့ပါသည်။ ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။

သာသနာ့အာဇာနည် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ဝိဿဇ္ဇက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီးဦးဝိစိတ္တသာရာဘိဝံသသည် ၉-၂-၁၉၉၃၊အင်္ဂါနေ့ ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘဝနတ်ထံ ပြန်လွန်တော်မူခဲ့ပါသည်။#CrdOriginalWriter