ခင်ခင်ထူး

Listing Description

မြန်မာအမျိုးသမီး စာရေးဆရာတစ်ဦးဖြစ်ပြီး ဝတ္ထုတို၊ ဝတ္ထုရှည် များစွာရေးသား ထုတ်ဝေထား၍ အမျိုးသား စာပေဆု ရရှိထားသော သူလည်းဖြစ်သည်။

၁၉၆၅ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် မြင်းခြံမြို့၌ အဖ-ဦးညို၊ အမိ-ဒေါ်မြတင်တို့က မွေးဖွားသည်။ မွေးချင်း ၆ ယောက်တွင် တတိယမြောက် တစ်ဦးတည်းသော သမီးဖြစ်သည်။ အမည်ရင်းမှာ ဒေါ်ထူးထူး ပင်ဖြစ်သည်။ ငယ်စဉ်က မြင်းခြံမြို့တွင် ပညာသင်ကြားခဲ့သည်။

၁၉၈၅ ၌ မန္တလေးတက္ကသိုလ်မှ ဓာတုဗေဒဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ကာ ၁၉၈၉ တွင် မူလတန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉ဝ ပြည့်နှစ်တွင် အလယ်တန်းပြဆရာမဖြစ်လာကာ ၁၉၉၂ ၌ မန္တလေးသို့ ပြောင်းရွှေ့ခဲ့သည်။ ဧပြီလထုတ် ရွှေဝတ်မှုန် မဂ္ဂဇင်းတွင် ပါရှိသော ပန်းပန်ပါရစေ ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့ သည်။

၁၉၉၃ မှစ၍ မဂ္ဂဇင်းများတွင် ဝတ္ထုတို၊ ဝတ္ထုရှည်များရေးသားကာ အားကစားဂျာနယ်များတွင်လည်း ဘောလုံးဆောင်းပါးများ ရေးသားခဲ့သည်။ အချို့ဝတ္ထုတိုများကို ဂျပန်ဘာသာ၊ ဂျာမန်ဘာသာသို့ ပြန်ဆိုခဲ့ကြသည်။ ၁၉၉၉တွင် မဂ္ဂဇင်းပါဝတ္ထုတိုများကို စုစည်းလျှက် သနပ်ခါး ဝတ္ထုတိုများထွက်ရှိခဲ့ကာ သူမ၏ ပထမဆုံး လုံးချင်းစာအုပ်ဖြစ်သည်။

၂၀၀၁ ခုနှစ်တွင် အလယ်တန်းပြဆရာမအဖြစ်မှ နုတ်ထွက်၍ နောင်တစ်နှစ်တွင် 'ကျမချစ်သော ဘောလုံးသူရဲကောင်းများ' (စတားပလေယာကောက်ကြောင်း) စာအုပ်ထွက်ခဲ့သည်။ စာရေးဆရာ နေဝင်းမြင့်နှင့် အိမ်ထောင်ပြုခဲ့သည်။ ၂၀၀၃ ခုနှစ်၌ ဖက်စိမ်းကွမ်းတောင်ရွှေဝတ္ထုတိုများ ဖြင့် အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုရရှိခဲ့သည်။

စာနယ်ဇင်းများတွင် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးများ အပုဒ်(၁၀၀)ကျော်ရေးသားခဲ့ပြီး ဖြစ်လေသည်။

ဆရာမ ခင်ခင်ထူး၏ ထင်ရှားသော စာအုပ်များမှာ :

၁။ ဖက်စိမ်းကွမ်းတောင် ရွှေဝတ္ထုတိုများ (ရွှေဝတ္ထုတိုများ ၂၀၀၃ အမျိုးသားစာပေ ဝတ္ထုတိုများ ဆု)

၂။ ဆံရစ်ဝိုင်း ဝတ္ထုတိုများ

၃။ ပါးကွက်ကြား ဝတ္ထုတိုများ

၄။ ဈေးခြင်းတောင်း ဝတ္ထုတိုများ

၅။ ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ် (၂၀၀၈ ဒု-ကြိမ်ပုံနှိပ်)

၆။ အညာသူအညာသား ကျမဆွေမျိုးများ(၂၀၀၇ ထွန်းဖောင်ဒေးရှင်း စာပေဆု)

၇။ သနပ်ခါးပွင့် ဝတ္ထုတိုများ

၈။ လှည်းယဉ်ကြော့ ဝတ္ထုတိုများ

၉။ ကြာဆစ်ကြိုး မဂ္ဂဇင်းဝတ္ထုရှည်များ

၁၀။ ဖန်းစည်းကြိုး မဂ္ဂဇင်းဝတ္ထုရှည်များ

၁၁။ ကျမချစ်သော ဘောလုံးသူရဲကောင်းများ

၁၂။ မြို့ကလေးရဲ့ကော်ဖတ်စက္ကူ ( ဆရာသိုက်ထွန်း နှင့်)

၁၃။ ပင်လယ်ဖြတ်တဲ့လှည်း (ဆရာစိုးဘားဒိုင် နှင့်)

၁၄။ စပယ်တင်မှဲ့ (ဆရာနေဝင်းမြင့် နှင့်)

၁၅။ ပိုးရည်တောင်စာ မဂ္ဂဇင်းဝတ္ထုရှည်များ

၁၆။ ပဲသင်းကောက်

၁၇။ ပန်းကြာဝတ်မှုန်

၁၈။ လက်ရွေးစင် ဝတ္ထုတိုများ

၁၉။ မအိမ်ကံ (၂၀၁၃ တတိယအကြိမ် ပုံနှိပ်

၂၀။ ခမည်းကြိုး (၂၀၁၁)

၂၁။ ဆူးပန်း ခွေ သွယ်ဘယက်နှင့် ပေရွက်လိပ် နား‌ တောင်းဆင်