သမီးလှကျွန်း

Listing Description

သမီးလှကျွန်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်ရှိ ပင်လယ်လိပ်မျိုးထိန်းသိမ်းရေးစခန်း တည်ရှိရာကျွန်းဖြစ်ပါသည်။ ပုသိမ်မြို့နှင့် မိုင် ၈၀ ကွာဝေးပါသည်။ ကျွန်းပတ်လည်၌ လိပ်များဥလေ့ရှိသဖြင့် လိပ်ဥများ ထွက်သောကြောင့် သမီးလှကျွန်းကို လိပ်ကျွန်းဟုလည်း ခေါ်ကြပါသည်။ ကျွန်းပတ်လည် ပင်လယ်ကမ်းခြေမှာ တစ်မိုင်ပတ်လည်ခန့်ရှိပြီး အမြဲစိမ်းတောနှင့် ရွက်ပြတ်တောတို့ ရောနှောပေါက်ရောက်နေသော ကျွန်းတစ်ကျွန်းဖြစ်ပါသည်။ ဒုတိယ ကမ္ဘာစစ် မဖြစ်မီကပင် ကျွန်းပေါ်တွင် အင်္ဂလိပ်များ ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေးစခန်းတစ်ခု ဖွင့်လှစ်ခဲ့သည်ဟု သိရပါသည်။ ကျွန်းအနီးတွင် မီးပြတိုက်အဟောင်းတစ်ခုကို မြင်တွေ့နိုင်ပြီး ကျွန်းပေါ်တွင်လည်း တစ်ချိန်က နိုင်ငံခြားသားများ နေထိုင်ခဲ့သည့် ရဲတိုက်ကြီးတစ်ခုမျှ တည်ဆောက်ထားခဲ့သော အဆောက်အအုံဟောင်းများကို မြင်တွေ့နိုင်ပါသည်။ ကျွန်းပေါ်တွင် ပင်လယ်လိပ်သားဖောက် မွေးမြူခြင်းလုပ်ငန်းရှိခြင်း၊  ပြန့်ပြူးသောသဲသောင်ဖြူဖြူရှိခြင်း၊  ပင်လယ်ထဲ ရေချိုးဆင်းရန်နှင့် သဲသောင်တွင်  ဆော့ကစားရန် ကောင်းမွန်ခြင်းတို့ကြောင့် ခရီးသွားရန်ကောင်းမွန်သော နေရာတစ်ခုဖြစ်ပါသည်။