ဟိုင်းကြီးကျွန်း

Listing Description

ဟိုင်းကြီးကျွန်းသည် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၌ ပုသိမ်မြို့တောင်ဘက် မိုင် ၆ဝ ခန့်အကွာ ပင်လယ်ဝတွင် တည်ရှိသည်။ ပမ္မဝတီ ရေတပ်စခန်းဌာနချုပ် တည်ရှိပြီး ကမ်းနီး ကမ်းဝေး ငါးဖမ်း ရေလုပ်သားများ အခြေစိုက်ရာ ကျွန်းလည်း ဖြစ်သည်။ မြန်မာနှင့် အနောက်ဥရောပ ဆက်ဆံရေးတွင် ထင်ရှားသော သမိုင်းဝင်ကျွန်းလည်းဖြစ်သည်။ ကျွန်း၏အနေအထားသည် သုံးထောင့်ပုံ၊ သို့မဟုတ် ဗထက်ချိုင့်ပုံသဏ္ဌာန် ရှိသည်။ လခြမ်းပုံသဏ္ဌာန် အချိုင့်သည် အနောက်မြောက်ဘက်၌ တည်ရှိသည်။ လှေနှင့်သင်္ဘောများ ဆိုက်ကပ်ရန် သင့်လျော်သည်။ အရှေ့မြောက်ဘက်၌ ပြင်ခရိုင်ရွာရှိသည်။ အနောက်နှင့် အနောက် မြောက်ဘက်တို့၌ ကျောက်ချောင်းရွာ၊ ခမောက်မော်ရွာနှင့် ကန်ကြိုင်ရွာများ ရှိသည်။ ဟိုင်းကြီးကျွန်းနှင့် ခမောက်မော်ရွာတို့၏ အကြားရှိ ငဝန်မြစ်ဝသည် ကျဉ်းလေသည်။ ယင်းကို အတွင်းလမ်းဟု ခေါ်ကြသည်။ အရှေ့ဘက်ရှိ ငဝန်မြစ်ဝမှာ ကျယ်လေသည်။ ယင်းကို အပြင်လမ်းဟု ခေါ်ကြသည်။ ပင်လယ်မှ ပုသိမ်မြို့သို့ ဝင်ထွက်သွားလာကြသော ဆန်တင်သင်္ဘောကြီးများသည် အပြင်လမ်းဖြင့် သွားလာဝင်ထွက်ကြသည်။ ဟိုင်းကြီးကျွန်းတွင် ဆိုက်ကပ်လိုလျှင် အပြင်လမ်းမှ အတွင်းလမ်းသို့ အနည်းငယ် ကွေ့လိုက်ရလေသည်။ ထိုအခါ အထက်တွင် ဖော်ပြခဲ့သော လှေသင်္ဘောများ ဆိုက်ကပ်ရန်သင့်သည့် ဗထက်ချိုင့် နေရာသို့ ရောက်ရှိလေသည်။ဟိုင်းကြီးကျွန်းကို ရှေးယခင်က နဂရသာဂီကျွန်းဟု ခေါ်ကြသည်။