ရန်ကုန်ဘူတာကြီး

Listing Description

ရန်ကုန်ဘူတာကြီးသည် မင်္ဂလာတောင်ညွန့်မြို့နယ် ကွမ်းခြံလမ်းတွင် တည်ရှိကာ မြန်မာနိုင်ငံရှိ မီးရထားဘူတာ ရုံများအနက် အကြီးဆုံးဖြစ်ပြီး မြန်မာနိုင်ငံတစ်လွှား ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မီးရထားကွန်ရက် အခြေတည်သည့်နေရာဖြစ်သည်။ မြန်မာနိုင်ငံဒေသအသီးသီးသို့ မီးရထားဖြင့် သွားရောက်နိုင်သည့် ပင်မဘူတာရုံကြီးလည်းဖြစ်သည်။ လွန်ခဲ့သောနှစ် ၁၄၀ မှ စတင်၍ ရထားများပြေးဆွဲခဲ့သည့် ရန်ကုန်ဘူတာကြီးကို ယခင်က မီးရထားရုံတော်ဟုလည်းကောင်း၊ ဖယ်ရာလမ်း(ယခုပန်းဆိုးလမ်း)ထိပ်တွင်ရှိသဖြင့် ဖယ်ရာစခန်းဟုလည်းကောင်း ခေါ်ဆိုခဲ့သည်။ ဘူတာအနီးတွင်ကွမ်းခြံများရှိခဲ့သဖြင့် ကွမ်းခြံဘူတာဟုလည်း ခေါ်ဝေါ်ကြသည်။ မူလက ရန်ကုန်ဘူတာကြီး အဆောက်အအုံသည် မီးရထားသံလမ်းများ၏ မြောက်ဘက်ခြမ်း၊ ယခုရှိနေသည့် နေရာမဟုတ်ဘဲ သံလမ်းများ၏ တောင်ဘက်ခြမ်း(ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်းဘက်)တွင် သွပ်မိုးသစ်သား အဆောက်အအုံတစ်ခုအဖြစ် တည်ရှိခဲ့သည်။ ၁၈၇၆ ခုနှစ်တွင် တည်ဆောက်ခဲ့သော ရန်ကုန်ဘူတာကြီးကို ဖျက်သိမ်းပြီး ၁၉၁၀ ပြည့်နှစ်တွင် အသစ်ပြန်လည်တည်ဆောက်ရန် စီစဉ်ခဲ့ရာ အိန္ဒိယနိုင်ငံ ဘုံဘေမြို့ရှိ အစိုးရ ဗိသုကာအကြံပေးဟောင်း မစ္စတာဝီလ်ကော့မှ ဒီဇိုင်းပုံစံရေးဆွဲပေးခဲ့ပါသည်။ ရန်ကုန်ဘူတာကြီးဆောက်လုပ်ရာတွင် ရထားဆိုက်ရောက်ရန် ပေ ၁၀၀၀ ရှည်၍ ငါးပေကျယ်သည့် စင်္ကြံများနှင့် ပေ ၂၅၀ စီ ရှည်သော ကုန်လှောင်ရုံများကို ထည့်သွင်းထားပြီး ထိုခေတ်ရန်ကုန်ဘူတာကြီး၏ ပုံစံသည် ကိုလိုနီခေတ်လက်ရာ ဝိတိုရိယအဆောက်အအုံဒီဇိုင်းဖြစ်သည်။ ဘူတာရုံတည်ဆောက်စရိတ်သည် ၃,၂၄၂,၀၀၀ ကျပ် ဖြစ်ပြီး ၁၉၁၁ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ဒုတိယဘုရင်ခံချုပ် ဆာဟင်နရီအဒမ်ဆင်က ဘူတာရုံသစ်ကြီးကို အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ပါသည်။ ရန်ကုန်ဘူတာကြီးသည် ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်များကြောင့် ပျက်စီးခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် အင်္ဂလိပ်များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့ချိန်တွင် ရန်ကုန်ဘူတာကြီးကို အသစ်ပြန်လည်တည်ဆောက်ခဲ့သည်။ ယင်းအဆောက်အအုံသည် ယနေ့ မြင်တွေ့နေရသည့် ရန်ကုန်ဘူတာကြီးဖြစ်ပြီး မြန်မာအင်ဂျင်နီယာ ဦးလှသွင်က ဒီဇိုင်းဆွဲ ပုံစံထုတ်ခဲ့သည်။ ဦးလှသွင်၏ ဒီဇိုင်းကို မီးရထားအုပ်ချုပ်ရေးအဖွဲ့က ၁၉၄၆ ခုနှစ်တွင် အတည်ပြုခဲ့ပြီး မေလ ၂ ရက်နေ့တွင် ပန္နက်ရိုက်ခဲ့သည်။ ဘူတာကြီး တည်ဆောက်ရေးလုပ်ငန်းကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့ပြီး ထုထည်ကြီးမား၍ စုလစ်မွမ်းချွန်တို့ဖြင့် လှပတင့်တယ်သည့် ရန်ကုန်ဘူတာကြီးကို မြန်မာအင်ဂျင်နီယာ ဦးတင်က တာဝန်ယူဆောက်လုပ်ခဲ့ပါသည်။ ရန်ကုန်ဘူတာကြီး၏ ဒီဇိုင်းပုံစံသည် မြန်မာမှုဗိသုကာ လက်ရာများဖြင့် ခံ့ညားထည်ဝါကာ အကျယ်အဝန်း စတုရန်း မီတာ ၅၀၀၀ ရှိသည်။ ရန်ကုန်ဘူတာကြီး တည်ဆောက်ရာတွင် ၄,၇၄၆,၁၈၇ ကျပ် ကုန်ကျခဲ့ပြီး ၁၉၅၄ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင်  နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက ဖွင့်လှစ် ပေးခဲ့သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရန်ကုန်ဘူတာကြီးအား ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတစ်ခုအဖြစ် ၂၀၀၁ ခုနှစ်တွင် သတ်မှတ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှ စ၍ ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်းများကို ဆောင်ရွက်ခဲ့သည်။