တက္ကသိုလ် မြတ်စိုး

Listing Description

စာရေးဆရာ၊ တက္ကသိုလ်ဆရာ၊ သီချင်းရေးဆရာတစ်ဦးဖြစ်ကာ မြန်မာစာအဖွဲ့ဦးစီးဌာနတွင် အရာရှိတစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ တက္ကသိုလ် မြတ်စိုးကို အဖ ဦးဘိုးချစ် (အငြိမ်းစား တိုင်းပညာဝန်)၊ မိခင် ဒေါ်သန်းတို့မှ ၁၉၃၁ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပြည်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်း ဦးမြင့်ကြည် ဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ စတင်တက်ရောက်ပြီး ၁၉၅၃ ခုနှစ်တွင် ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ ၁၉၆၀ ပြည့်နှစ်တွင် မဟာဝိဇ္ဇာဘွဲ့ ရရှိသည်။

၁၉၅၃ ခုနှစ်၌ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနသို့ စတင်ဝင်ရောက်၍ မော်လမြိုင်ကောလိပ်၊ ဗထူးစစ်တက္ကသိုလ်၊ ပုသိမ် ကောလိပ်၊ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်နှင့် မြန်မာစာအဖွဲ့ဦးစီးဌာနတို့တွင် တာဝန်များ အဆင့်ဆင့် ထမ်းဆောင်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် မြန်မာစာအဖွဲ့ဦးစီးဌာန ညွှန်ကြားရေးမှူးတာဝန်မှ အငြိမ်းစားယူ ခဲ့သည်။ ၁၉၉၅ ခုနှစ်မှစ၍ မြန်မာစာအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်သည်။

တက္ကသိုလ်မရောက်မီ စစ်ပြီးစ ဂျာနယ်၊ စာစောင်အချို့တွင် မောင်သာယာ အမည်ဖြင့် စတင်ကလောင်သွေးခဲ့သည်။ တက္ကသိုလ်ရောက်ပြီးနောက် တက္ကသိုလ် မြတ်စိုးအမည်ဖြင့်လည်းကောင်း၊ အမည်ရင်းဖြင့်လည်းကောင်း ချိုတေးသံ၊ ဂီတ ပဒေသာ၊ ရှုမဝ၊ မြဝတီ၊ ငွေတာရီ၊ ယဉ်ကျေးမှု စသည့်မဂ္ဂဇင်းများတွင် ဆောင်းပါး၊ ဝတ္ထု၊ ကဗျာ၊ ရသစာတမ်းများ ရေးသားခဲ့သည်။

စာပေနှင့်ယှဉ်လျက် ဂီတကို ဝါသနာအလျောက် လေ့လာခဲ့သည်။ စန္ဒရားနီနီ အပျော်တမ်းတူရိယာအဖွဲ့အတွက် သီချင်းများကို ပင်တိုင် ရေးသားခဲ့ရာ သံလွင်ဦး၊ သပြေညို၊ မိုးနဲ့စစ်သား၊ မေတ္တာကန်မွန်၊ အသည်းလမ်းကလေးမှာ လျှောက်လာပါ၊ ကြင်စဦး စသည့်သီချင်းများ ဖြစ်သည်။

သုတေသနစာတမ်းများအဖြစ် ကုန်းဘောင်ခေတ် မဟာဂီတ(၁၉၆၈)၊ မြန်မာဂီတ ၁၉၂၀-၇၀(၁၉၇၀)၊ မြန်မာဂီတကို နိုင်ငံခြားဂီတ ထိုးဖောက်ဝင်ရောက်လာပုံ (၁၉၇၃)၊ Three Yodaya Songs Representing Thai Element In Myanmar Classical Music(၁၉၉၆) တို့ကို ဖတ်ကြားခဲ့သည်။ မြန်မာစာညွန့်ပေါင်းကျမ်း (ပ၊ ဒု) (၁၉၉၂)၊ မြန်မာ့နိုင်ငံရေး စနစ်ပြောင်းကာလ ၁၉၆၂-၁၉၇၄ (ပ၊ ဒု၊ တ) (၁၉၉၃)၊ သဗ္ဗဂီတက္ကမ ပကာသနီကျမ်း (၁၉၉၃)၊ ဦးဂုဏ်ဘဏ်၏ မြန်မာ့ဂီတ အခြေခံ အတွဲ (၁၊ ၂) (၁၉၉၉-၂၀ဝ၁)၊ တေးရေး ပညာရှင်ကြီးများ၏ ခေတ်ဟောင်း တေးသီချင်းများ (အတွဲ ၁ မှ ၈) (၁၉၉၅-၂၀ဝ၆) တို့ကို တည်းဖြတ်ခဲ့သည်။ နိုင်ငံတော်မူ မဟာဂီတ (၂၀ဝ၅ ပုံနှိပ်မူ) ကို ဦးဆောင် တည်းဖြတ်ခဲ့သည်။

ယခုအခါ ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့တွင် အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိသည်။

ဂုဏ်ပြုမှုနှင့် ဆုတံဆိပ်များ

၂၀ဝ၂ ခုနှစ်တွင် မြန်မာ့တေးဂီတ အနုစာပေသမိုင်း စာအုပ်ဖြင့် အမျိုးသား စာပေဆုနှင့် ၂၀၁၂ ခုနှစ်တွင် စာပေနှင့် ဂီတ၊ ဂီတနှင့် စာပေ စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်း စာပေဆုတို့ ရခဲ့သည်။

၂၀၁၃-ခုနှစ် အမျိုးသားစာပေ တစ်သက်တာ ဆုရရှိသည်။ ၂၀၁၃ ခုနှစ်တွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) က ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ အပ်နှင်းသည်။