သန်းခေါင်ယံသိမ်

Listing Description

မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာတော် ပွင့်လင်းထွန်းကားလာအောင် ရွက်ဆောင်ခဲ့သော ရှင်အရဟံရဟန်းတော်မြတ် ဦးဆောင်၍ သမုတ်ခဲ့သည့် သိမ်များအနက် နေထွက်သိမ်၊ မွန်းတည့်သိမ်၊ နေဝင်သိမ်၊ သန်းခေါင်ယံသိမ်စသည့် သိမ်လေးသိမ်မှာ ထူးခြားသော သိမ်များဖြစ်ကြသည်။ အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက်ရှိ သိမ်မှာ နေဝင်သိမ်ဖြစ်သည်။ ပုသိမ်ကြီးမြို့နယ် အောင်ပင်လယ်တောင်ဘက်ရှိသိမ်မှာ နေထွက်သိမ်ဖြစ်သည်။ ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရွာရှိ သိမ်မှာ မွန်းတည့်သိမ်ဖြစ်သည်။ ယခု ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်အတွင်းရှိ သိမ်မှာ သန်းခေါင်ယံသိမ်ဖြစ်သည်။ ပြည်မင်းသားကျောင်းတိုက်ဝင်းအတွင်း၌ တည်ရှိပြီး "သာရမဉ္စူသိမ်" ဟုအမည်ရပါသည်။ သိမ်တော်ကို မင်းတုန်းမင်း၏ မြောက်နန်းမိဖုရား သီရိရတနာဒေဝီက ပြုပြင်တည်ဆောက်ခဲ့သည်။ ခရစ်နှစ် ၁၈၅၆ ခုနှစ် သိမ်တော် ပြုပြင်တည်ဆောက်ပြီးစီးသည့်အခါ မင်းတုန်းမင်း နှင့် မိဖုရားကြီးတို့က အခမ်းအနားနှင့် ရေစက်ချလှူဒါန်းခဲ့ပြီး "သာရမဉ္ဇူသိမ်"ဟု အမည်ပေးခဲ့သည်။ စတင်တည်ဆောက်ခဲ့ချိန်၌ သစ်သားသိမ်အဖြစ် တည်ဆောက်ခဲ့သည်ဟု သိရပြီး ခေတ်အဆက်ဆက် ပြုပြင်လှူဒါန်းမှုများကြောင့် လက်ရှိအချိန်တွင် အုတ်တိုက်သိမ်အဖြစ် မြင်တွေ့နိုင်ပါသည်။