တောင်ပြုန်းပွဲတော်

Listing Description

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မန္တလေးမြို့၏မြောက်ဘက် ၁၅ ကီလိုမီတာအကွာ၌ တည်ရှိသော တောင်ပြုန်းရွာတွင် ကျင်းပပြုလုပ်သည့် တောင်ပြုန်းပွဲတော်သည် မြန်မာနိုင်ငံ၌ အထင်ရှားဆုံးပွဲတော်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး တောင်ပြုန်းနတ်မင်းနှစ်ပါးကို နှစ်စဉ်ပူဇော်ပသသောအနေဖြင့် ကျင်းပကြခြင်းဖြစ်သည်။ သို့သော် တကယ့်ပွဲတော်မှာ အနော်ရထာမင်းတည်ထားခဲ့သော အုတ်နှစ်ချပ်လပ်သည့် ဆုတောင်းပြည့်ဘုရားနှင့် နောက်ပိုင်းမှ တည်ထားသော ဆုတောင်းရဘုရားပွဲတော်ဖြစ်သည်။ ဘုရားပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်မှ ၁၀ ရက်နေ့အထိ ကျင်းပကြပြီး ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ နတ်ပွဲကျင်းပကြပါသည်။ သမိုင်းအထောက်အထားအနေနှင့် ခိုင်ခိုင်မာမာမရှိဘဲ တစ်ရံရောအခါက အနော်ရထာမင်း တောင်ပြုန်းအရပ်တွင် စေတီတည်စဉ် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးဟုခေါ်သော မင်းညီနောင်နှစ်ပါးတို့သည် လုပ်အားပေးရန် ပျက်ကွက်မှုကြောင့် ကွပ်မျက်ခံ့ခဲ့ရပြီးနောက် နတ်စိမ်းများဖြစ်သွားပြီး အနော်ရထာမင်းက ထိုညီနောင်နှစ်ပါးကို တောင်ပြုန်းအရပ်အား အပိုင်စားပေးရာမှ ၎င်းနတ်စိမ်းနှစ်ပါးကို ပူဇော်သောပွဲမှစတင်၍ တောင်ပြုန်းပွဲတော်ဖြစ်ပေါ်လာသည်ဟု ဆိုကြပါသည်။ ပွဲတော်အစီအစဉ်ကို ဝါခေါင်လဆန်း ၈ ရက်နေ့တွင် ပထမနေ့ "ကန်တော့ခံပွဲတော်" ဖြင့် အစပြုပြီး၊ ကန်တော့ခံပွဲတော်၊ ည ညီလာခံ၊ ချိုးရေတော်သုံး၊ နန်းတက်ပွဲများ၊ ယုန်ထိုး၊ ထိန်ခုတ်၊ ရွှေဘုံဆင်း စသည်ဖြင့် သက်ဆိုင်ရာ နေ့ရက်အလိုက် တစ်ရက်စီကျင်းပပြုလုပ်ပါသည်။ တောင်ပြုန်းပွဲသည် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး နတ်နှစ်ပါး မစ၍ စီးပွား လာဘ်လာဘ တက်သည်ဟု ယုံကြည်သူများ၊ အခက်အခဲများ အဆင်ပြေစေရန် သွားရောက် ကိုးကွယ်သူများ၊ အပျော်သဘော သွားရောက်သူများဖြင့် ကြက်ပျံမကျ စည်ကားလေ့ရှိပါသည်။