ရွှေသစ္စာရဘုရား

Listing Description

ရွှေသစ္စာရဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့မြောက်ဘက်၊ မန္တလေး-မိုးကုတ်ကားလမ်းဘေး၊ ပန်းယျကျေးရွာတွင် တည်ရှိပြီး မတ္တရာမြို့ သမိုင်းဝင်ရွှေလေးဆူဘုရားများတွင် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ ရှေးအခါက ရှမ်းမောင်နှမလေးဦးသည် မတ္တရာမြို့တွင် တစ်ဦးလျှင်စေတီတစ်ဆူတည်ထားခဲ့ကြရာ ရွှေသစ္စာရဘုရားသည် မောင်နှမလေးဦးအနက် တတိယမြောက်သမီး စောနန်းသီရိ တည်ထားခဲ့သည်ဟု ဆိုပါသည်။ ဘုရားလေးဆူတည်ထားကြစဉ်က တစ်ဆူနှင့်တစ်ဆူ ၈ ဖာလုံအကွာ စတုရန်းကျကျထောင့်များတွင် ပန္နက်ရိုက်ခဲ့ကြရာ ယခုရွှေသစ္စာရဘုရားတည်မည့်နေရာသည် ရွှေတချောင်း ချောင်းဖြစ်နေပြီး ချောင်းအနောက်ဘက် ကုန်းမြေနေရာ၌ ကျားတစ်ကောင်နှင့် နွားတစ်ကောင် အတူယဉ်တွဲအိပ်နေသည်ကိုလည်း ထူးခြားစွာတွေ့မြင်ရသဖြင့် သစ္စာမြဲသည့်နေရာမှတ်ယူ၍ ထိုနေရာ၌ စေတီတည်ထားခဲ့ပြီး ရွှေသစ္စာရစေတီဟူ၍ ခေါ်တွင်ခဲ့သည်ဟု သိရပါသည်။ ရွှေသစ္စာရဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တော်သလင်းလကွယ်နေ့တွင်ကျင်းပပြီး လှေပြိုင်ပွဲများ ထည့်သွင်းကျင်းပလေ့ရှိပါသည်။