ဗျူးပွိုင့်ကမ်းခြေအပန်းဖြေစခန်းရှိ ဗျာလ်ရုပ်

Listing Description

စစ်တွေမြို့၏ တောင်ဘက်အစွန်ဆုံး၊ ဘင်္ဂလားပင်လယ်အော်နှင့် ကုလားတန်မြစ်နဖူးကြားရှိ ဗျူးပွိုင့်ကမ်းခြေအပန်းဖြေစခန်းတွင် ရခိုင့်ဒဏ္ဍာရီ ဗျာလ်ရုပ် (နဝရူပဗျာလ်ဟုလည်းခေါ်တွင်) ကို တွေ့မြင်နိုင်သည်။ ယင်းဗျာရုပ်သည် နှာဖျားမှအမြီးဖျားထိ ၁၅ ပေ၊ လက်ဖဝါး မှ နှာမောင်းထိပ်အထိအမြင့် ၁၂ ပေမြင့်ပြီး ဘေးနှစ်ဘက်တွင် ဗျာလ်ရုပ်အကြောင်းကို အင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်ကြီးကို မြင်နိုင်ပါသည်။ ဗျာလ်ရုပ်သည် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသော သတ္တဝါ ကိုးမျိုး၏ အစိတ်အပိုင်းများဖြစ်သည့် နဂါး အမောက် သို့မဟုတ် ဆင်နှာမောင်း၊ သမင်မျက်လုံး၊ ကြံ့ချိုတစ်ချောင်း၊ ကြက်တူရွေးလျှာ၊ တိုးကိုယ် သို့မဟုတ် ငါးကြင်းကွက်၊ စာမရီ သို့မဟုတ် ဒေါင်းမြီး၊ ဆင် သို့မဟုတ် မြင်းနားရွက်၊ ခြင်္သေ့လက်၊ ခြေ၊ ခေါင်း၊ လည်ဆံနှင့် ကျားစွယ်တို့ပေါင်းစပ် သရုပ်ဖော်ထားသည့် သတ္တဝါပုံဖြစ်သည်။ ရခိုင်တိုင်းရင်းသားများက ဗျာလ်ရုပ်ကို လာဘ်ရွှင်၊ စီးပွားတိုးစေသော အရုပ်အဖြစ်ယုံကြည်ကြပြီး လျှာထုတ်ကေ ဟုလည်းခေါ်လေ့ရှိကြသည်။ ရခိုင်တိုင်းရင်းသားများသည် ဗျာလ်ရုပ်များကို သာသနိက အဆောက်အဦ လိုဏ်နံရံများ၊ မုခ်တံကဲထိပ်များ၊ မုခ်တံကဲတိုင်ဘေးနှစ်ဘက်၊ ရာဇပလ္လင်မုခ်တံကဲများနှင့် ဘုရားပလ္လင်များတွင် ထုလုပ်လေ့ရှိကာဘေးအန္တရာယ်ကင်းရှင်းပြီး ငြိမ်းချမ်းသာယာသည့် အကျိုး ကျေးဇူးများကိုရရှိစေသည့် နိမိတ်ဟု ယုံကြည်ကြသည်။