မေ

Listing Description

၁၉၉၁ ခုနှစ် မေလ ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်း မမေသူအောင်ဖြစ်သည်။ မွေးချင်း သုံးယောက်တွင် အလတ်ဖြစ်ပြီး အကိုတစ်ယောက်နှင့် ညီမ တစ်ယောက် ရှိသည်။ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ လမ်းမတော်တွင် ပညာသင်ကြားခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ အင်္ဂလိပ်စာဘွဲ့ ရရှိခဲ့သည် ။

၂၀၀၇ ခုနှစ်တွင် Miss Now How 2007 ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုရရှိခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် Miss Kose 2008 ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုနှင့် Miss People 2008 ဆုတို့ကို ဆွတ်ခူးရရှိခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် အနုပညာလောကသို့ ဝင်ရောက်ခဲ့ပြီး “တိမ်တွေသွားတဲ့လမ်း” ဇာတ်ကားတွင် သရုပ်ဆောင် ရဲတိုက်၊ ထွန်းအိန္ဒြာဗို၊ မေသဉ္စာဦးတို့နှင့်အတူ ပထမဆုံး ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် “လူဇော်” ဇာတ်ကား၌ ရဲတိုက်၊ ဇင်ဝိုင်း၊ စိုးမြတ်သူဇာ၊ စန္ဒီမြင့်လွင်တို့နှင့်တွဲဖက်၍ ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင် “ဒယ်ဒီကမိန်းကလေး” ရုပ်ရှင်ဇာတ်ကားတွင် မင်းမော်ကွန်း၊ ဟက်ကတ်၊ ဖွေးဖွေးတို့နှင့်တွဲဖက်၍ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် “ဘုန်းကညာနှစ်ပါး”၊ “ချူဆီ” ရုပ်ရှင်ဇာတ်ကားကြီးများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် “သတို့သမီး”၊ “ပုံရိပ်” ရုပ်ရှင်ဇားတ်ကားကြီးမျာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။  

အဆိုတော်အဖြစ် ၂၀၀၉ ခုနှစ်မှစ၍ “April Queens” အယ်လ်ဘမ်တွင် စတင်သီဆိုခဲ့ပြီး ယင်းအယ်လ်ဘမ်ထဲမှ “အားကိုးမယ်နော်” အမည်ရှိ သီချင်းမှာ ပရိသတ်များအကြား ရေပန်းစားခဲ့သည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ပွဲဦးထွက် တစ်ကိုယ်တော် အယ်လ်ဘမ် “Merry Me” ထွက်ရှိခဲ့သည်။ ထို့နောက် “ချူဆီ” ဇာတ်ကားအတွက် နောက်ခံတေးသီချင်းဖြစ်သော “မျက်နှာဖုံးများ” သီချင်းကို မေကြည်နှင့်အတူ သီဆိုခဲ့ရာ အကောင်းဆုံးနောက်ခံတေးသီချင်းဆု ရရှိခဲ့သည်။

၂၀၁၈ ခုနှစ်တွင် “မင်းကိုချစ်လို့” ၊ “ကြယ်” နှင့် ၂၀၂၀ ပြည့်နှစ်တွင် “Lost”၊ “Good Bye” စသည့် သီချင်းများ ထွက်ရှိခဲ့သည်။