စစ်ကိုင်းအေးလွင် (၁၉၃၄ - ၁၉၈၇)

Listing Description

စာရေးဆရာ စစ်ကိုင်းအေးလွင်ကို ၁၉၃၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် အဖ ဦးဘရီ၊ အမိ ဒေါ်တင်သန်းတို့မှ ဖွားမြင်ခဲ့သည်။ ဇာတိမှာ စစ်ကိုင်းမြို့၊ မင်းလမ်းရပ် ဖြစ်သည်။ ညီအစ်ကို နှစ်ယောက် ရှိသည့်အနက် သားအကြီး ဖြစ်ပြီး ငယ်နာမည်မှာ မောင်တင်အေး ဖြစ်သည်။

စစ်ကိုင်းမြို့ အထက (၁) ကျောင်း၊ မန္တလေးမြို့ အထက (၃) ကျောင်းများတွင် တက္ကသိုလ်ဝင်တန်း အထိ ပညာ သင်ကြားခဲ့သည်။ ကျောင်းနေစဉ် ကတည်းက စတင်၍ ကဗျာ၊ စာညွန့်များ ရေးသားခဲ့သည်။ ထို့အပြင် ကျောင်းမဂ္ဂဇင်းများကိုလည်း တည်းဖြတ်ခဲ့သည်။

၁၉၅၀ ပြည့်နှစ်တွင် စစ်ကိုင်းအေးလွင် ကလောင် အမည်ဖြင့် စတင် ပုံနှိပ်ခြင်း ခံခဲ့ရသည်။ ၁၉၅၅ ခုနှစ်တွင် မန္တလေး ပန်တျာကျောင်း၌ ပန်းချီပညာ သင်ကြားရင်း "ဗဟိုစည်" သတင်းစာ၌ ပန်းချီဆရာ ဝင်လုပ်သည်။ ထိုမှတဆင့် မန္တလေး သူရိယ သတင်းစာ၊ ရွှေမန်း ညနေ သတင်းစာများတွင် အယ်ဒီတာ အဖွဲ့ဝင် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ဆရာကြီး ရွှေဥဒေါင်း ထံ၌ စာရေးနည်း ပညာကို လေ့လာ ဆည်းပူးခဲ့သည်။

၁၉၅၉ ခုနှစ်တွင် "နီလာ" စာစောင်ကို တည်းဖြတ် ထုတ်ဝေခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် "ခြင်္သေ့စာပေ" အမည်ဖြင့် စာအုပ် ထုတ်ဝေရေး လုပ်ငန်း လုပ်ကိုင်ခဲ့သည်။ မန္တလေးရုပ်ရှင်တွင်လည်း ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ "စုံထောက်" မဂ္ဂဇင်းတွင်လည်း အယ်ဒီတာ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ စစ်ကိုင်းအေးလွင် အပြင် စစ်ကိုင်းသား၊ နှင်းမောင်၊ ဇော်ထွန်းအောင်နှင့် မင်းဇေယျာ ကလောင် နာမည်ခွဲများနှင်လည်း ရေးသားခဲ့သည်။

ဘာသာပြန်ဝတ္ထုများအပါအဝင် စုစုပေါင်း လုံးချင်းဝတ္ထုပေါင်း ၂၅ဝ နီးပါးရှိခဲ့သည်။ ထင်ရှားသည့် ဘာသာပြန်စာအုပ်များမှာ “ချွေးတပ်စခန်းတိုက်ပွဲ” နှင့် “ရန်ကုန်သိမ်းတိုက်ပွဲ” စာအုပ်များဖြစ်သည်။ သွေးသောက်၊ ရှူမဝ၊ မိုးဝေမဂ္ဂဇင်းများတွင် ဝတ္ထုတို နှင့် ဆောင်းပါးများလည်း ရေးသားခဲ့သည်။ ဝတ္ထုများမှ ရုပ်ရှင်ရိုက်ကူးခဲ့ရာ "မန်းသူလေးမို့" နှင့် "သံသရာလည်သရွေ့" ရုပ်ရှင်တို့ဖြစ်သည်။ ၁၉၈၇ ဇူလိုင်လထုတ် မိုးဝေမဂ္ဂဇင်းတွင် ပါရှိသည့် အချစ်အတွက် စွန့်စားခြင်း ဝတ္ထုသည် နောက်ဆုံးလက်ရာဖြစ်သည်။ စာရေးခြင်း သက်သက်ဖြင့် ဘဝကို ရပ်တည်ခဲ့သော စာရေးဆရာ တစ်ယောက် ဖြစ်သည်။

၁၉၈၇ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် စစ်ကိုင်းမြို့၊ မင်းလမ်းရပ် နေအိမ်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်ရီနှင့် သားသမီး ၇ ဦး ကျန်ရစ်ခဲ့သည်။ ကဗျာဆရာဇော်မိုးလွင်နှင့် စာရေးဆရာမ သွေး (စစ်ကိုင်း) တို့၏ ဖခင်ဖြစ်သည်။