ဖားကန့်မြို့နယ်ကို နေအိမ်တွင်နေထိုင်ရေးအစီအစဉ်တွင်ပါဝင်သည့် မြို့နယ်အဖြစ် သတ်မှတ်

Listing Description

ဖားကန့် စက်တင်ဘာ ၂၂

ကချင်ပြည်နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ဖားကန့်မြို့နယ်ကို စက်တင်ဘာ ၂၁ ရက်မှစတင်ပြီး နေအိမ်တွင်နေထိုင်ရေး အစီအစဉ်တွင် ပါဝင်သည့် မြို့နယ်အဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ကျင်းပသည့် ထုတ်ပြန်ထားချက်အား ပြည်သူများ လိုက်နာဆောင်ရွက်စေရေး အသေးစိတ်စီမံခန့်ခွဲသည့် အစည်းအဝေးမှ သိရသည်။

ယင်းကြေညာချက်တွင် ဖားကန့်မြို့နယ်အတွင်း ပြည်သူများအနေဖြင့် မဖြစ်မနေ ကျန်းမာရေးကိစ္စနှင့် ဈေးဝယ်ယူခြင်းသာ ခွင့်ပြုမည်ဖြစ်ပြီး မိမိတို့နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုရန် နေအိမ်တွင်နေထိုင်ရေးအစီအစဉ်အား လိုက်နာခြင်းမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပါရှိသည်။

နေအိမ်တွင်နေထိုင်ရေးအစီအစဉ် အကောင်အထည် ဖော်ရေးအတွက် အိမ်ပြင်ထွက်ခွင့် တစ်အိမ်လျှင် ကတ်တစ်ခု ထုတ်ပေးထားမည်ဖြစ်ပြီး ကတ်ပါရှိသူတစ်ဦးသာ မဖြစ် မနေ ဈေးဝယ်ထွက်ရသည့်အခြေအနေကို ခွင့်ပြုမည်ဖြစ် ကြောင်း သိရသည်။ ဒေသတွင်း စားသောက်ရေးအခက်အခဲ မဖြစ်စေရေးအတွက် ကုန်စိမ်းနှင့် သားငါးဈေးသည်များကို တစ်ရွာမှတစ်ရွာသို့ ခြွင်းချက်အနေဖြင့် သွားလာခွင့်ပြုမည်ဖြစ်သော်လည်း အချိန်နှင့်နေရာများကန့်သတ်ပြီး ကျန်းမာ ရေးဌာန၏ လမ်းညွှန်ချက်ကို အတိအကျလိုက်နာစေရေး ဆောင်ရွက်မည်ဖြစ်သည်။

မြို့နယ်တစ်ခုလုံးလုံခြုံအောင် တိတိကျကျ ဆောင်ရွက် နိုင်ရေးအတွက် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သန္ဓေနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၏ အကူအညီဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များက အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။ ဖားကန့်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ အတည်ပြုလူနာ ကိုးဦးထိရှိကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)