မြတ်လေးရုံဘုရားကြီး

Listing Description

မြတ်လေးရုံဘုရားကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အမှတ် (၁) ရပ်ကွက်၊ အင်းဝဘုန်းတော်ကြီးကျောင်းတိုက်အတွင်း တည်ရှိပါသည်။ မြတ်လေးယုံဘုရားကြီးကို ဦးဘိုးရွှေဂံနှင့် ဒေါ်လိုင်းတို့က မြန်မာသက္ကရာဇ် ၁၂၅၀ ပြည့်နှစ်တွင် စတင်တည်ထားကိုးကွယ်ခဲ့ပါသည်။ ဘုရားကြီး၏ ဉာဏ်တော်မှာ ၃၂ ပေ၊ လုံးပတ်တော် ၂၁ ပေ ၆ လက်မ၊ ပခုံးတော်နှစ်ဘက်အကွာအဝေး ၁၈ ပေ ၂ လက်မနှင့် ဒူးတော်နှစ်ဘက်စွန်း အကွာအဝေး(တင်ပျဉ်ခွေ) ၂၇ ပေ ရှိပါသည်။ မြတ်လေးရုံဘုရားကြီး၊ ရတနာမာန်အောင်ဘုရားကြီး၊ ကွင်းလုံးဖြူဘုရားကြီးဟူ၍ ဘွဲ့တော်သုံးမည်ရ ဘုရားကြီးဖြစ်သည်။ ထိုမြတ်လေးရုံဘုရားကြီးကို အလှူဒါယကာ ဦးလူကြီး၊ ဒေါ်မယ်ယုံတို့က အလျား ၉၇ ပေ၊ အနံ ၉၇ ပေရှိသော တန်ဆောင်းတော်ကြီးတွင် တည်ထားကိုးကွယ်ခဲ့ပါသည်။ ပေပေါင်း ၄၅၀ ရှိ၍ အခန်းပေါင်း ၄၃ ခန်းမျှရှိသော ဘုရားနတ်လမ်းစောင်းတန်းကြီးကို အလှူဒါယကာ ဦးဘိုးသန်း ဒေါ်ရွှေနှစ်တို့ဦးစီး၍ ဒါယကာ၊ ဒါယိကာမများက ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် မြန်မာသက္ကရာဇ် ၁၂၇၀ ခုနှစ်တွင် သီဟိုဠ် (သီရိလင်္ကာနိုင်ငံ) မှ ပြန်လည်ရောက်ရှိလာသော အဂ္ဂမဟာ ပဏ္ဍိတ ဆဋ္ဌသံဂီတိသြဝါဒါစရိယသံဃနာယကကျမ်းပြု အဖျောက်ဆရာတော် ဘဒ္ဒန္တအာစရ (ဟိတောပဒေသဘာသာပြန်)က သီဟိုဠ်ကျောင်းပုံစံအတိုင်း မဟာသုတကာရီတိုက်ကျောင်းကြီးကို တည်ဆောက်ခဲ့သည်။ သို့သော် ပြီးပြည့်စုံမှုမရှိဘဲ မိုးထဲရေထဲလေထဲတွင် ကြာမြင့်စွာတည်ရှိနေရာမှ ဆရာတော်ကြီး၏ အန္တေဝါသိက တပည့်ဆရာတော်ကြီး ဘဒ္ဒန္တဦးသြဘာသက မြန်မာသက္ကရာဇ် ၁၃၂၅ ခုနှစ်တွင် ဆက်လက်အကောင်အထည်ဖော်ခဲ့ရာ သုံးနှစ်အကြာ မြန်မာသက္ကရာဇ် ၁၃၂၈ ခုနှစ်တွင် အောင်မြင်စွာပြီးစီးခဲ့ပါသည်။ မဟာသုတကာရီ ကျောင်းတိုက်ကြီး၏ အတွင်းဘက်နံရံများတွင် ဗုဒ္ဓမြတ်စွာဘုရား၏ ဘဝဖြစ်စဉ်တော်များနှင့် ဇာတ်ကြီး ၁၀ ဘွဲ့ကို သရုပ်ဖော်ရေးဆွဲထားသော နံရံဆေးရေးပန်းချီကားများကိုလည်း ရှုမငြီးဖွယ် တွေ့မြင်နိုင်ပါသည်။