ချစ်ကြည်ရေး ကြည်ညွှန့် (၁၉၃၅-၂၀၀၄)

Listing Description

ဦးကြည်ညွန့် (ချစ်ကြည်ရေး ကြည်ညွန့်) ကို အဖ ဦးဖိုးထွား (အငြိမ်းစား ရဲမှူး - ကွယ်လွန်) နှင့် အမိ ဒေါ်ခင်ပု (ကွယ်လွန်) တို့မှ ၁၉၃၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် ယခု ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့၌ မွေးဖွားခဲ့သည်။

ငယ်စဉ်တွင် ပဲခူးတိုင်း ကြို့ပင်ကောက်မြို့ အမျိုးသား အထက်တန်းကျောင်း၊ ဧရာဝတီတိုင်း ဟင်္သာတမြို့ အစိုးရ အထက်တန်းကျောင်းတို့တွင် ပညာ သင်ကြားခဲ့သည်။

၁၉၅၄ ခုနှစ်တွင် ဟင်္သာတမြို့ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်တွင် ပြောင်းရွှေ့ နေထိုင်သည်။

၁၉၅၅ ခုနှစ်တွင် မြန်မာအလင်း သတင်းစာတိုက်၌ လခစား သတင်းထောက် (Staff Reporter) အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း (စာပေဗိမာန်) နှင့် မြန်မာနိုင်ငံ သတင်းစာ ဆရာ အသင်းတို့ ပူးပေါင်း ဖွင့်လှစ်သော သတင်းစာ ပညာ အတတ်သင်ကျောင်းသို့ တက်ရောက် သင်ကြားခဲ့ရာ သတင်းစာ ပညာ ဒီပလိုမာကို ထူးချွန် အဆင့်ဖြင့် ရရှိ အောင်မြင်ခဲ့သည်။

ဦးကြည်ညွန့်သည် အထွေထွေ သတင်းထောက်၊ အားကစား သတင်းထောက်၊ မှုခင်း သတင်းထောက်၊ တရားရုံး သတင်းထောက်၊ ရုပ်ရှင်သတင်းထောက်၊ စီးပွားရေး သတင်းထောက်နှင့် နိုင်ငံရေး သတင်းထောက် အဖြစ် တာဝန် အသီးသီး ထမ်းဆောင်ခဲ့သည်။

၁၉၆၂ ခုနှစ်တွင် သတင်း အယ်ဒီတာ တာဝန်နှင့် အယ်ဒီတာ့ အာဘော် ခေါင်းကြီးပိုင်းရေး အယ်ဒီတာ တာဝန်ကို ပူးတွဲ ထမ်းဆောင်ခဲ့ရသည်။

၁၉၈၀ ပြည့်နှစ်တွင် မြန်မာ့အလင်း သတင်းစာတိုက်၌ ဒုတိယ အယ်ဒီတာချုပ် ရာထူးသို့ တိုးမြှင့် ခန့်အပ်ခံရသည်။ ၁၉၈၈ ခုနှစ်တွင် ဒုတိယ အကြိမ် စစ်အာဏာသိမ်း အစိုးရ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) လက်ထက်၌ နိုင်ငံတာ်ပိုင် သတင်းစာ ခြောက်စောင် အနက် လုပ်သားပြည်သူ့ နေ့စဉ် သတင်းစာ (မြန်မာ) နှင့် လုပ်သား ပြည်သူ့ နေ့စဉ် သတင်းစာ (အင်္ဂလိပ်) တို့ကိုသာ ထုတ်ဝေရာ ဦးကြည်ညွန့်အား မြန်မာ့အလင်း သတင်းစာတိုက်မှ လုပ်သားပြည်သူ နေ့စဉ် သတင်းစာ (မြန်မာ) သို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင် စေခဲ့သည်။

၁၉၉၃ ခုနှစ်တွင် လုပ်သား ပြည်သူ့ နေ့စဉ် သတင်းစာ (မြန်မာ) ကို မြန်မာ့အလင်း သတင်းစာ အဖြစ် ပြောင်းလဲ ထုတ်ဝေရာ ဦးကြည်ညွန့်အား အယ်ဒီတာချုပ် ရာထူးသို့ တိုးမြှင့် ခန့်အပ် တာဝန် ပေးခဲ့သည်။

ဦးကြည်ညွန့်သည် ၂၀၀၀ ပြည့်နှစ် အကုန်အထိ အယ်ဒီတာချုပ် တာဝန် ကို ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့၌ အယ်ဒီတာချုပ် တာဝန်မှ အနားယူခဲ့ပြီး အကြံပေး အရာရှိ အဖြစ်နှင့် ရွှေမောင်းသံ ဂျာနယ် အယ်ဒီတာချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ရသည်။

ဦးကြည်ညွန့်သည် ၁၉၅၅ မှ ၁၉၉၅ ခုနှစ် အထိ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး၊ ယဉ်ကျေးမှုရေးရာ ဆောင်းပါးများ၊ ခရီးသွား စာပေ ဆောင်းပါးများ အပါအဝင် သုတ၊ ရသ ဆောင်းပါးပုဒ်ရေ ၁,၀၀၀ ကျော် ရေးသားခဲ့ပြီး လုံးချင်းစာအုပ် ၁၅ အုပ် ရေးသား ပုံနှိပ် ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

ဦးကြည်ညွန့်သည် ၁၉၆၂ ခုနှစ်မှ ၁၉၆၆ ခုနှစ် အထိ မြန်မာပြည် သတင်းထောက်များ အသင်းတွင် အလုပ်အမှုဆောင် ကော်မတီဝင် တာဝန်တို့ကို ထမ်းဆောင်ခဲ့ပြီး၊ ၁၁၊ ၄၊ ၂၀၀၄ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

ရေးသား ပြုစုခဲ့သော စာအုပ်များ

၁။ ချစ်ကြည်ရေး - ချစ်ကြည်ရေးလို့ ဆိုကာ (ပ-တွဲ) ၁၉၆၇

၂။ ချစ်ကြည်ရေး - ချစ်ကြည်ရေးလို့ ဆိုကာ (ဒု-တွဲ) ၁၉၆၇

၃။ ချစ်ကြည်ရေး - ချစ်ကြည်ရေးလို့ ဆိုကာနှင့် နောက်ဆက်တွဲများ ၁၉၆၈

၄။ စီအိုင်အေ အရှုပ်တော်ပုံများ ၁၉၆၈

၅။ စီအိုင်အေ အရှုပ်တော်ပုံများနှင့် နောက်ဆက်တွဲများ ၁၉၆၈

၆။ သခင်သန်းထွန်း၏ ပဲခူးရိုးမပေါ်မှ သွေးစွန်းသော နေ့ရက်များ ၁၉၆၉

၇။ ဦးနု-ဦးလောရုံ အပေါင်းပါများနှင့် နယ်ချဲ့ဂိုဏ်း (ပ-တွဲ) ၁၉၇၀

၈။ ဦးနု-ဦးလောရုံ အပေါင်းပါများနှင့် နယ်ချဲ့ဂိုဏ်း (ဒု-တွဲ) ၁၉၇၀

၉။ သမိုင်းဝင် သူရိယ - မြန်မာ့အလင်းနှင့် မြန်မာ့နိုင်ငံရေး (ပ-တွဲ) ၁၉၇၀

၁၀။ သတင်းစာဆရာကြီးများ၏ သူတို့ဘဝ သူတို့ အတွေ့အကြုံ ၁၉၇၁

၁၁။ တရုတ်-မြန်မာ ချစ်ကြည်ရေး မှတ်တမ်း ၁၉၇၃

၁၂။ သမိုင်းဝင် သူရိယ - မြန်မာ့အလင်းနှင့် မြန်မာနိုင်ငံရေး (ဒု-တွဲ) ပြင်ဆင်ဖြည့်စွက် ထုတ်ဝေခြင်း ၁၉၇၄

၁၃။ ခေတ်လေးခေတ် တရုတ်-မြန်မာ ဆက်ဆံရေး ၁၉၇၆

၁၄။ ဇာတိမာန် စာပေ စာတမ်းများ (ထီလာစစ်သူနှင့်တွဲ၍) ၁၉၇၉

၁၅။ မနေ့က ဂျပန်နှင့် ယနေ့ ဂျပန်