မြိုင်ဂူ (သို့) သာယာရွှေဂူ

Listing Description

မြိုင်ဂူသည် ကရင်ပြည်နယ်၊ ဘားအံ့ခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူနှင့် မြိုင်ကလေး ကြား၊ သံလွင်မြစ်အနောက်ဘက်ကမ်း၊ မြိုင်ရွာ၏ အနောက်ဘက် ၂ ဖာလုံခန့်အကွာ မြိုင်တောင်၏ တစ်ဝက်ခန့်အမြင့်တွင် တည်ရှိပါသည်။ မြိုင်တောင်သည် အမြင်ပေ ၁၀၀၀ ခန့်မြင့်မားပြီး ပေ ၃၀၀ ခန့်အမြင့်တောင်စောင်းတွင် ရှေးဟောင်း ဘုရားလိုဏ်ဂူတော် တည်ရှိခြင်းဖြစ်ပါသည်။ မြောက်ဘက်တွင် ဂူဝတစ်ခု၊ တောင်ဘက်တွင် ဂူဝတစ်ခုရှိပါသည်။ သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ ရွှေဂွန်းကျောင်းဆရာတော် ဦးနာဂိန္ဒက မြိုင်ဂူ၏ ဝန်းကျင်ရှုခင်းများ သာယာရှုမောဖွယ်ကောင်းသဖြင့် "ရတနာမဉ္ဇူသာယာရွှေဂူ"ဟု အမည်ပေး ကမ္ပည်းတင်ခဲ့ပါသည်။ မြိုင်ဂူသည် ဂူဝအမြင့်ပေ ၃၀ ခန့်မြင့်ပြီး အကျယ် ပေ ၄၀ ခန့်ရှိသော စတုရန်းပုံနှင့် ဆင်တူပါသည်။ ဂူဝနှင့် ဂူအတွင်း အလင်းရောင်ရှိသော နေရာ ဂူနံရံထောင့်များတွင် ဗုဒ္ဓရုပ်ပွားတော်များ ပူဇော်ခံထားရှိသည်။ တောင်ပိုင်ဘိုးဘိုးကြီးရုပ်တု၊ သိုက်နန်းရှင် ရုပ်တု၊ ဘုရင်နှင့်မိဖုရား ရုပ်တုစသဖြင့် ရုပ်တု မျိုးစုံလည်း တွေ့ရှိရသည်။ မြောက်ဘက်ဂူဝမှ အတွင်းဘက် တောင်ဘက်သို့ ပေ ၂၀ မှ ပေ ၃၀ ခန့် အမြင့်နှင့် အကျယ် ရှိသော ဂူလိုဏ်ခေါင်းရှည်ရှိပါသည်။ တောင်ဘက်ဂူဝမှာ ပေ ၂၀ ခန့် မြင့်ပြီး ပေ ၅၀ ခန့်ကျယ်ဝန်းပါသည်။