မဟာလယ်တီကျောက်စာတိုက်

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ လယ်တီရပ်ကွက်၊ အနောက်လယ်တီ ပါဠိယူနီဗာစတီကျောင်းတိုက်အတွင်း တည်ရှိပါသည်။ ကျောက်စာတိုက်ကြီးကို မြန်မာသက္ကရာဇ် ၁၂၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်နေ့တွင် ပန္နက်တင်၍ စတင်တည်ဆောက်ခဲ့ပြီး သုံးနှစ်အကြာ၌ ပြီးစီးကြောင်း မှတ်တမ်းအရသိရပါသည်။ ကျောက်စာတိုက် တည်ဆောက်မှု အရပ်ရပ်ကုန်ကျငွေသည် ၁၂၄,၂၁၈ ကျပ် ၁၃ ပဲ ၆ ပိုင်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ကျောက်စာတိုက်တောင်ဘက်နှင့် အနောက်ဘက်မျက်နှာစာများ ဗုံးဒဏ်ထိခဲ့သည်။ စစ်ဘေး၊ စစ်ဒဏ်ကြောင့် အနာတရဖြစ်ခဲ့ရသော အဆိုပါ မဟာလယ်တီ ကျောက်စာတိုက်ကြီးအား အနောက်လယ်တီ ပါဠိယူနီဗာစတီကျောင်းတိုက်၏ ဆဌမမြောက်ဆရာတော် ဦးကေဇိန္ဒ နှင့် သတ္တမမြောက်ဆရာတော် ဦးဝိလာသ အရှင်သူမြတ်တို့မှ ပြန်လည်မွန်းမံ တည်ဆောက်ခဲ့ပြီး ကျောက်စာချပ် အရေအတွက်များကို တိုးချဲ့စိုက်ထူခဲ့ပါသည်။ ကျောက်စာတိုက်ကြီးသည် ပေ ၁၅၀ ပတ်လည်ကျယ်ဝန်း၍ အခန်းပေါင်း ၂၇၇ ခန်းနှင့် တိုင်းပေါင်း ၂၄၀ ရှိပြီး ကျောက်စာတိုက်ကြီးအတွင်း မြန်မာစာပေ ၆၁ ကျမ်း၊ နိဿယစာပေ ၁၈ ကျမ်းနှင့် ပါဠိစာပေ ၁၇ ကျမ်း စုစုပေါင်း ၉၆ ကျမ်းကို ကျောက်စာချပ်ရေ ၈၀၆ ချပ်ရေးထိုးထားသည်။ ကျမ်းပေါင်း ၉၆ ကျမ်းတွင် လယ်တီဆရာတော်ကြီးက ၈၉ ကျမ်း၊ လယ်တီပဏ္ဍိတဦးမောင်ကြီးက ခြောက်ကျမ်းနှင့် လယ်တီဦးကဝိက တစ်ကျမ်းရေးသားထားကြောင်း သိရပါသည်။