မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်အတွင်း တောင်တန်းများ စိမ်းလန်းစိုပြည်ရေးအတွက်တောင်တန်းစိုက်ခင်း ဧက ၉၀၀ ကို ဖော်ဆောင်သွားမည်

Listing Description

မုံရွာ နိုဝင်ဘာ ၂၂

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်တို့အတွင်းရှိ  တောင်တန်းများ  စိမ်းလန်းစိုပြည်ရေးအတွက် တောင်တန်းစိုက်ခင်း ဧက ၉၀၀ ကို အကောင်အထည်ဖော် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦးထံမှ သိရသည်။

အပူပိုင်းဇုန်အတွင်းရှိ တောင်တန်းများတွင် မြေဆီမြေလွှာများ ပျက်စီး ဆုံးရှုံးမှုကို  ထိန်းသိမ်းနိုင်ရန်၊  အပူရှိန်ကို  လျှော့ချနိုင်ရန်နှင့်  သစ်ပင်ပေါက် ရောက်မှု နည်းပါးသည့်နေရာများ၌ တောင်တန်းစိုက်ခင်းများကို တည်ထောင် စိုက်ပျိုးခြင်းဖြင့်   ပတ်ဝန်းကျင်   စိမ်းလန်းစိုပြည်ပြီး   သဘာဝ တောရိုင်း တိရစ္ဆာန်များ ပြန်လည်ကျက်စားလာစေရန် ရည်ရွယ်၍ တည်ထောင်ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

"တောင်တန်းတွေပေါ်မှာ သဘာဝအလျောက်ပေါက်နေတဲ့ အပင်တွေကို လည်း ထိန်းသိမ်းမယ်၊ သစ်ပင်ပေါက်ရောက်မှုနည်းတဲ့နေရာတွေမှာ ထပ်ပြီး စိုက်ပျိုးမယ်၊ တောင်တန်းကြီးတစ်ခုလုံး ပြန်လည်စိမ်းလန်းပြီး ပတ်ဝန်းကျင် ဒေသတွေရဲ့ အပူရှိန်တွေကို လျှော့ချပေးနိုင်ပြီး ရေဝေရေလဲဒေသတွေကိုလည်း အထောက်အကူဖြစ်စေဖို့ ရည်ရွယ်စိုက်ပျိုးတာဖြစ်ပါတယ်"ဟု ညွှန်ကြား ရေးမှူးက ပြောသည်။

ခရိုင်အလိုက် တောင်တန်းစိုက်ခင်းများ တည်ထောင်မှုအနေဖြင့် မုံရွာခရိုင် အတွင်းရှိ  မုံရွာမြို့နယ်၊  အရာတော်မြို့နယ်၊ ဘုတလင်မြို့နယ်နှင့် ချောင်းဦး မြို့နယ်တို့တွင် တောင်တန်းစိုက်ခင်း ဧက ၈၁၀ ကိုလည်းကောင်း၊ ယင်းမာပင် ခရိုင်အတွင်းရှိ ဆားလင်းကြီးမြို့နယ်တွင် တောင်တန်းစိုက်ခင်း ဧက ၉၀ ကို လည်းကောင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက တည်ထောင် မည်ဖြစ်ကာ  လာမည့် မိုးရာသီတွင် သစ်ပင်များ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)