မင်းမင်းလတ် (၁၉၄၈ - ၁၉၉၀)

Listing Description

မင်းမင်းလတ် (ခေါ်) မာရှယ်လ် Marshal ကို ရုပ်ရှင်လုပ်ငန်းညွှန်ကြားရေးမှူး ဦးခင်မောင်လတ် နှင့် ဒေါ်ခင်အေးလတ်တို့က ၁၉၄၈ခုနှစ်၊ စက်တင်ဘာလ၊ (၁၁)ရက်နေ့ တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး မွေးချင်း ၄ ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ အဘိုးဖြစ်သူမှာ မြန်မာပြည်တွင် ပထမဆုံး ရုပ်ရှင်စလုပ်သူ ရုပ်ရှင်ဖခင်ကြီး လန်ဒန်အတ် ဦးအုန်းမောင် ဖြစ်သည်။

၁၉၇၁ ခုနှစ် မေလ (၂၇) ရက်နေ့တွင် ထွက်ရှိခဲ့သော ပထမဆုံးတေးစီးရီးမှာ ဦးဘသိန်း တေးသံသွင်း၌ တစ်ရက်ထဲနှင့် အသံသွင်းခဲ့သော တေးစီးရီးဖြစ်သည်။ စီးရီးခွေ စုစုပေါင်း ၁ဝ ခွေကျော် ထွက်ခဲ့သည်။ သူ့၏ အအောင်မြင်ဆုံးနှင့် လူကြိုက်အများဆုံး သီချင်းမှာ အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း၊ ယုဇနပင်နဲ့ ဖဲကြိုးဝါ ဖြစ်သည်။ ဆေးဆိုးပန်းရိုက်မျက်နှာ၊ ပညတ်တော် (၁၀)ပါး၊ ဂေါ်လီမလေး အစရှိသည့် သီချင်းများကို အခြားသူများနှင့် တစ်ဝက်စီ ရေးစပ်ခဲ့သည်။ သူ့၏သီချင်းများသည် အများအားဖြင့် ကော်ပီသီချင်းများ ဖြစ်သည်။

Heavy Metal, Rock သီချင်းများကို နှစ်ခြိုက်စွာ သီဆိုခဲ့သည်။

အဆိုတော်တစ်ဦး ဖြစ်ရုံသာမက စာပေများလည်းရေးသားခဲ့သည်။ လမ်းပေါ်က ဝေါဟာရများ စာအုပ်ကို ထုတ်ခဲ့၏။ မင်းမင်းလတ်ရဲ့ မင်းမင်းလတ် စာအုပ်ထဲတွင် သူ့အကြောင်းကို သူကိုယ်တိုင်ပဲ ရေးခဲ့သည်။ သူ့အကြောင်းကို သူမရှိမှ သူများတွေရေးပါဟု ဆိုခဲ့သည်။

၁၉၇၃ ခုနှစ်တွင် ဇနီး ယမင်းကြိုင်(နေနေလှိုင်းဇင်)နှင့် လက်ထပ်ကာ သားသမီး(၄)ဦးဖြစ်သည့် အဓိက၊ အနဂ္ဂ၊ အမရာ နှင့် အလင်္ကာတို့ကို မွေးဖွားခဲ့သည်။ ဒုတိယသားဖြစ်သော အနဂ္ဂသည် ဖခင်ခြေရာအတိုင်း တေးစီးရီးတွေကို ၂၀၀၀-ခုနှစ်မှ စတင်ထုတ်ခဲ့ရာဟစ်ဟော့ ဂီတ Hip Hop တေးများ သီဆိုပြီး အောင်မြင်နေသူ ဖြစ်သည်။

မင်းမင်းလတ်သည် အသက် (၄၈)နှစ်အရွယ် ၁၉၉၇-ခုနှစ်၊ ဩဂုတ်လ၊ ၂၂ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

သူသည် ယနေ့ခေတ် မြန်မာလူငယ်များ လက်ခံနေသော ခေတ်သစ်နိုင်ငံတကာ ဂီတသစ်ကို လမ်းဖောက်ခဲ့သူအဖြစ် ဂီတသမိုင်းတွင် ရှိနေဦးမည်။ သူ့၏ သီချင်းများကို ဇော်ဝင်းထွဋ်မှ ဆေးဆိုးပန်းရိုက်မျက်နှာ စီရီးခေါင်းစဉ်နှင့် မင်းမင်းလတ် အောင်မြင်ကျော်ကြားခဲ့သော သီချင်း ၁၃ ပုဒ်ကို ပြန်ဆိုခဲ့သည်။ ထို့အပြင် အခြား အဆိုတော်များကလည်း သူ့သီချင်းများကို ပြန်ဆိုထားသေးသည်။