ရွှေမြင်တင်စေတီတော်

Listing Description

ရွှေမြင်တင်စေတီတော်သည် သပိတ်ကျဉ်းမြို့နယ် ရွှေမြင်တင်တောင်ပေါ်တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ အညာသီဟတောဘုရားနှင့် မျက်နှာချင်ဆိုင်တွင် တည်ရှိပါသည်။ သက္ကရာဇ် ၄၆၇ ခုနှစ်တွင် အလောင်းစည်သူမင်းကြီး အညာသီဟတောဘုရားကို ပြုပြင်မွမ်းမံစဉ် မင်းကြီး၏မူးမတ်များကလည်း ကုသိုလ်ကောင်းမှုပြုလိုသဖြင့် မြစ်တစ်ဖက်ကမ်းတွင် တည်ရှိသည့် ရွှေမြင်တင်တောင်ပေါ်တွင် စေတီတော်ကို တည်ကာ ဓာတ်တော်များ ဌာပနာခဲ့ကြပါသည်။ စေတီတော်သည် ၁၃၁၄ ခုနှစ်တွင် ပြိုပျက်ခဲ့သဖြင့် ရာကျော်ဆရာတော် ဦးဆောင်ကာ ပြုပြင်ခဲ့သည်။ ၁၃၁၉ ခုနှစ်တွင် ထီးတော်ကို မိုးကြိုးခသဖြင့် သစ်တောမင်းကြီး ဦးစောလင်းက ပြုပြင်ခဲ့သည်။ ထို့နောက် မန္တလေးမြို့မှ ဦးအေး၊ ဒေါ်အေးတို့က ရွှေသင်္ကန်းကပ်လှူ၍ မွမ်းမံပြုပြင်ခဲ့ပါသည်။