မီးမလောင်ကျောင်း

Listing Description

မီးမလောင်ကျောင်းသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၊ ပုထိုးသားများစေတီတော်၏ အနောက်ဘက်တွင် တည်ရှိပါသည်။ မီးမလောင်ကျောင်းကို စေတီပေါက်လိုဏ်တစ်ဆင့်သဏ္ဌာန် ဂူဘုရားအဖြစ် တည်ဆောက်ထားပါသည်။ မီးမလောင်ကျောင်းကို နရပတိစည်သူမင်းကြီး စတင်တည်ထားခဲ့ခြင်းဖြစ်ပြီး မူလမီးမလောင်ကျောင်းမှာ အုတ်ခုံသာသာကျန်ရှိတော့သည်အထိ ပျက်စီးနေသဖြင့် ကုန်းဘောင်ခေတ်၌ ဆရာတော်ရှင်ပညာ ဒိဗ္ဗက ယင်းအုတ်ခုံပေါ်တွင် အုတ်တိုက်တော်ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ပုဂံမြို့နွားပြဂူဘုရားအတွင်းရှိ နံရံမင်စာတွင်  "မီးမလောင်ကျောင်းဘုရားသခင်သည်   ပျက်စီးယိုယွင်း၍ အုတ်ပုံမြေတောင်သာရှိသော ဘုရားကိုလည်း အထက်တည်ရင်းထက် ကောင်းအောင် ကျောင်းဆောင်ပြသာဒ် ဆင်ကတ်လက်ယန် လှေကားချင်သေပါ အရာရာဗျိုဝ်ပြက်သမျှကို လုတ်ပြီးလျှင် တင်ပြည်ခွေ ဂတောင်ရှိ ယုတ္တုတော်ကြီးကိုလည်း အကုံရွှေချ၍ ရွှေထီးတင်ပြီးလျှင်"စသည်ဖြင့်ရေးထားသည်ကို တွေ့ရှိရပါသည်။ မီးမလောင်ကျောင်းကို ယခုအခါ လေးထောင့်စပ်စပ်ဂူဘုရားငယ်ထက်၌ အမိုးသုံးဆင့် ဒုယင်တို့ဖြင့် လုပ်ဆောင်လျက် အထက်တွင် စေတီတော်တစ်ဆူတည်ထားသည်ကို ဖူးတွေ့နိုင်ပါသည်။ စင်္ကြံပလ္လင်ထက် စေတီတော်မှာ ဉာဏ်တော် ၃၂ ပေခန့်မြင့်ပါသည်။ အုတ်ခုံမှာမူ ၁၃ ပေခန့်အမြင့်ရှိပြီး မူလကပင် မီးဘေးအန္တရာယ်မှ ကင်းလွတ်စေရန် အမြင့်၌တည်ခဲ့ဟန်ရှိပါသည်။