ပဲနံ့သာဂူဘုရား

Listing Description

ပဲနံ့သာဂူဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ၊ အနော်ရထာလမ်းမကြီး၏ တောင်ဘက်၊ ဂူတော်သစ်ဘုရားအရှေ့ဘက်အနီး၌ တောင်မြောက်အုတ်ခုံတန်းပေါ်ရှိ ဂူဘုရားငယ် သုံးဆူဖြစ်ပါသည်။ ပဲနံ့သာဂူဘုရားကို အေဒီ-၁၃ ရာစုတွင် တည်ထားခဲ့သည်ဟု ခန့်မှန်းကြပါသည်။ မြောက်ဘက်ဆုံး ဂူဘုရားငယ်အတွင်း၌ နံရံဆေးရေးပန်းချီအနုစိတ်လက်ရာ အများဆုံးရှိပြီး အလယ်ဂူငယ်အတွင်း၌ နံရံဆေးရေးပန်းချီလက်ရာ အနည်းငယ်သာကျန်ရှိကာ တောင်ဘက်ဆုံးဂူအတွင်းရှိ ဆေးရေးပန်းချီလက်ရာများမှာမူ လုံးဝကွာကျပျက်စီးသွားခဲ့ပါသည်။ မြောက်ဘက်ဆုံးပဲနံ့သာဂူဘုရားရှိ ပန်းချီလက်ရာတို့မှာ သတ္တဌာနစံခန်းများ၊ နှစ်ကျိပ်ရှစ်ဆူဘုရားစံခန်းနှင့် ဗျာဒိတ်ခန်းများအပြင် အမိုးမျက်နှာကြက်ကနုတ်ကွက် ခြူးပန်းခြူးနွယ်များ၊ ရုပ်ပွားဆင်းတုတော်ပုံများ၊ နတ်သားများ ရှိခိုးနေပုံများနှင့် လောကနာထဘုရားလောင်းပုံများကို အသေးစိတ် ရေးဆွဲထားပါသည်။ ပဲနံ့သာဂူဘုရားသုံးဆူတန်းသို့တက်ရန် အရှေ့ဘက်တွင် အုတ်လှေကားတစ်ခုရှိပြီး အောက်ခံအုတ်ခုံတန်း အနောက်ဘက်တွင် အတွင်းသို့ဝင်ရောက်နိုင်သည့် မြေအောက်လိုဏ်မုခ်ပေါက် နှစ်ခုရှိပါသည်။