ရွှေမိုးတောင် ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီ

Listing Description

ရွှေမိုးတောင် ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော်ကြီးသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ၀ိုင်းမော်မြို့နယ်၊ မိုင်းနားအုပ်စု၊ မခေါယန်ကျေးရွာ ရွှေမိုးတောင်ပေါ်တွင် တည်ရှိပါသည်။ ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတား၏ မြောက်ဘက်တစ်မိုင်ခန့်အကွာတွင်တည်ရှိပြီး မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက်ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဘဒ္ဒန္တသီလဝသံ(နိုင်ငံတော် ဩဝါဒစရိယ)၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် အများပြည်သူ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် တည်ထားပါသည်။ စေတီတော်ကြီးတွင် ဓာတ်ပေါင်းစုစေတီနှစ်ဆူအား မြေအောက်တွင်ဌာပနာ၍ လည်းကောင်း၊ ရဟန္တာရုပ်ပွားတော်တစ်ထောင်အား စေတီအောက်ဌာပနာသွင်း၍ လည်းကောင်း တည်ဆောက်ထားရှိပါသည်။ ဆင်ဖြူများခံ၍ တည်ဆောက်ထားရှိသည့် ရွှေမိုးတောင် ရဟန္တာတစ်ထောင် ရှင်ပင်မြစ်စွာဆုတောင်းပြည့်စေတီတော်ကြီးသည် ဉာဏ်တော်အမြင့် ၇၇ ပေ ရှိပြီး အဆိုပါစေတီတော်ကြီးတွင် ရွှေမိုးတောင်မှထွက်ရှိသည့် ဂရင်းနိုက် ကျောက်များဖြင့် ထုလုပ်ပူဇော်ထားသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်များကိုလည်း ပူဇော်ထား ရှိပါသည်။ စေတီတော်ကြီးအနီးတွင်လည်း ကြီးမားသော ဖားရုပ်နှင့် ကြက်ဖရုပ်ကြီးများ ထုလုပ်ပြသထားပါသည်။ မကြာသေးမီအချိန်က တည်ထားသော်လည်း ဘုရားဖူးလာရောက်သူများသော စေတီတစ်ဆူဖြစ်ပါသည်။