ကောင်းမှုလုံစေတီ

Listing Description

မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘေ့ာမြို့နယ်၊ ကောင်းမှုလုံကျေးရွာအနီး မလိခမြစ်အရှေ့ဘက်ကမ်းတွင် တည်ရှိသော ကောင်းမှုလုံစေတီတော်မြတ်ကြီး (ဘုရားလောင်းရွှေဆတ်မင်းစေတီတော်မြတ်ကြီး)အား သာသနာသက္ကရာဇ် ၂၄၄ ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီးလက်ထက်၌ မြတ်စွာဘုရား၏ ဓာတ်တော် (၃) ဆူကို ဌာပနာသွင်း ပူဇော်တည်ထားခဲ့ပါသည်။ ခေတ်အဆက်ဆက်၊ မင်းအဆက်ဆက်တို့က ဤစေတီတော်ကြီးအား ပြုပြင်မွမ်းမံတည်ဆောက် ထိန်းသိမ်းခဲ့ကြပြီး ခရစ်နှစ် ၂၀၀၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အနယ်နယ်အရပ်ရပ်မှ အများပြည်သူထည့်ဝင်လှူဒါန်းငွေ၊ ပူတာအိုခရိုင်အတွင်းရှိ ဒေသခံတိုင်းရင်းသားများ ထည့်ဝင်လှူဒါန်းငွေ စုစုပေါင်းငွေကျပ် သိန်း ၁၅၀၀ ကျော်အကုန်အကျခံကာ ဉာဏ်တော် (၇၂) တောင်ရှိသော စေတီတော်ကြီးအဖြစ် ပြုပြင်မွမ်းမံခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် ရင်ပြင်တော်နှင့်စေတီတော်ကြီးတွင် အက်ကြောင်းများဖြစ်ပေါ်ပျက်စီးသဖြင့် ၂၀၁၅ ခုနှစ် မေလ (၄)ရက်နေ့တွင် ထူးဖောင်ဒေးရှင်းနှင့် ဒသခံပြည်သူများ၏ အလှူငွေများဖြင့် ပြုပြင်မွမ်းမံခဲ့ပါသည်။ ကောင်းမှုလုံကြိုးတံတားနှင့်လည်း အထူးပနံရ သပ္ပါယ်စွာတည်ရှိနေပါသည်။ စေတီတော်နှင့်မနီးမဝေးတွင် ရွှေတိဂုံစေတီတော်ပုံစံတူ စေတီတစ်ဆူနှင့် ရွှေစည်းခုံစေတီတော်ပုံစံတူစေတီတစ်ဆူကိုလည်း ဖူးမြော်နိုင်ပါသည်။ စေတီတော်၏ အရှေ့ဘက်မုခ်တွင် ကကုသန်မြတ်စွာဘုရား ဆင်းတုတော်၊ မာတလိနတ်သားနှင့် မနုဿီဟရုပ်တုတို့ရှိပါသည်။ မြောက်ဘက်မုခ်တွင် ကောဏဂုံ မြတ်စွာဘုရားဆင်းတုတော်၊ သိကြားမင်းနှင့် ဝံမင်းရုပ်တု တည်ရှိသည်။ အနောက်ဘက်မုခ်တွင် ကဿဖမြတ်စွာဘုရားဆင်းတုတော်၊ ဝသုန္ဒြေမြေစောင့်နတ်သမီးနှင့် ခြင်္သေ့မင်းရုပ်တုရှိပါသည်။ တောင်ဘက်မုခ်တွင် ဂေါတမမြတ်စွာဘုရားဆင်းတုတော်၊ ဘီလူးရုပ်နှင့် ကျားမင်းရုပ်တု ရှိသည်။ အရှေ့တောင်ထောင့်တွင် အရံစေတီတော် တစ်ဆူနှင့် အရိမေတ္တေယျ မြတ်စွာဘုရားပုံတော်ရှိပါသည်။ အထက်မှာကောင်းမှုလုံ၊ အလယ်မှာရွှေစည်းခုံ၊ အောက်မှာရွှေတိဂုံဟု ထင်ရှားကျော်ကြားသည့် ကောင်းမှုလုံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါသည်။

ရွှေတိဂုံစေတီတော်သမိုင်းကို ဖတ်ရှုရန်

မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးသမိုင်းကို ဖတ်ရှုရန်

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2022-12-26 03:20:17

To Sai Kyaw Han

မင်္ဂလာပါ Sai Kyaw Han ခင်ဗျာ ယခုလိုပါဝင်ထောက်ပြပေးသည့်အတွက် winnetmyanmar မှ အထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ

2022-12-24 15:16:26

ကောင်းမှုလုံစေတီ

ရှမ်းအမည်မှာ "ကောင်းမူးလုံ" ဟုအသံထွက်ပါသည်။ "ကောင်းမူး" ဟူသည် စေတီ၊ "လုံ" ဟူသည် ကြီးသော၊ စေတီကြီး ဟုအဓိပ္ပာယ်ရပါသည်။ စေတီတော်ရှေ့ရှိ ရှမ်းဘာသာဖြင့်ရေးသားထားသော အမည်မှာ မှားနေပါသည်။ "ကွင်း" ကို "ဂွင်း" ဟုရေးမှ မှန်ပါသည်။