လောကချမ်းသာအဘယလာဘမုနိကျောက်တော်ကြီးဘုရား

Listing Description

လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ရှိသည်။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်တောင်မှ အဖြူရောင်စကျင်ကျောက်တုံးကြီးတစ်တုံးကို ပန်းတမော့ပညာရှင် ဦးတော်တော်နှင့်သားများမှ စတင်တွေ့ရှိကာ ထုဆစ်ပူဇော်ခဲ့ပြီး ၁၀-၇-၂၀၀၀ ခုနှစ်မှစတင်၍ အကြမ်းထုဆစ်ပြီးသော ဉာဏ်တော် ၃၇ ပေကျော် အလေးချိန်တန် ၅၀၀ ခန့်ရှိ ကျောက်တော်ကြီးရုပ်ပွားတော်မြတ်ကို ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် မင်းဓမ္မကုန်းတော်ပေါ်သို့ အစိုးရနှင့် ပြည်သူပူးပေါင်းပါဝင်ကာ ကုန်းကြောင်း၊ ရေကြောင်းဖြင့် အောင်မြင်စွာ ပင့်ဆောင်နိုင်ခဲ့သည်။ ရုပ်ပွားတော်မြတ်စံပယ်ရာ ဂန္ဓကုဋီတိုက်တော်သည် ၁၂၆ ပေ မြင့်ပြီး အရှေ့နှင့်အနောက်အလျား ၁၂၄ ပေ၊ တောင်နှင့်မြောက်အလျား ၁၃၆ ပေ ကျယ်ဝန်းပါသည်။ ရုပ်ပွားတော်မြတ်ကြီး၏ ဉာဏ်တော်အမြင့်မှာ ၃၇ ပေ၊အနံ၂၄ ပေ၊ ထု ၁၁ ပေ၊ လက်ယာရစ်ခွေထားသော အကျယ် ၆ လက်မရှိ ဆံလုံးတော် ၃၄၂ လုံးနှင့် ဘေးရန်အန္တရာယ်မရှိအောင် ကာကွယ်ပေးလျက်ရှိသည့်ဟန်ဖြစ်သော အဘယမုဒြာသဏ္ဌာန် ထုလုပ်ထားပြီး ဘွဲ့တော်အပြည်အစုံမှာ လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး ဖြစ်သည်။ ရုပ်ပွားတော်မြတ်ကြီး၏ ဦးသျှောင်တော် ညာဘက်ခြမ်း၌ စောက် ၁၄ လက်မ၊ အချင်း ၁ လက်မခွဲရှိ သဘာဝအပေါက်တစ်ခုပါရှိလာခဲ့ရာ ယင်းအပေါက်၌ ဗုဒ္ဓဘုရားရှင်၏ သရီရဓာတ်တော်များ ကိန်းဝပ်လျက်ရှိသော ရတနာရွှေကြုတ်တော် ဌာပနာသွင်းမင်္ဂလာနှင့် စုလစ်မွန်းချွန် အထွဋ်တင်သော လေးကျွန်းတစ်မြင်းမိုရ်ပြဿဒ်ဆောင်ကြီး ၅ ဆောင် စောင်းတန်းနှစ်သွယ်ရှိ ပြဿဒ် ၄ ဆောင်တို့ကို ရွှေထီးတော်တင်လှူပူဇော်သည့် အခမ်းအနားများကို ၂၈-၁၁-၂၀၀၁ ရက်နေ့တွင် ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ရုပ်ပွားတော်မြတ်ကြီး၏ ကမ္မည်းမော်ကွန်းကျောက်စာတိုင်ကို မြန်မာ၊ ပါဠိ၊ သက္ကတ၊ အင်္ဂလိပ် ဟူ၍ လေးမျိုးရေးထိုးမှတ်တမ်းရေးထိုးထားပြီး ရုပ်ပွားတော်ကြီး၏အနီးတွင်လည်း အမြင့် ၁၀ ပေရှိ လက်ဝဲတော်ရံ၊ လက်ယာတော်ရံ ရဟန္တာပုံတော်များကို ထုဆစ်ထားပါသည်။ ကျောက်တော်ကြီးဘုရား၏ ဒုတိယအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် လှူဒါန်းခဲ့သော အချင်း ၁၀ ပေ ၄ လက်မ၊ အမြင့် ၅ ပေ ၁၁ လက်မ၊ စောက်အနက် ၅ ပေ ၁၂ လက်မ၊ အလေးချိန်အားဖြင့် တန် ၃၀ ရှိပြီး ဆန် ၆၃ တင်းချက်ဝင်သည့် ကျောက်သပိတ်တော်ကြီးကို မြင်တွေ့နိုင်ပါသည်။ ရင်ပြင်တော်တွင် တံခွန်တိုင်၊ ကျောက်သပိတ်တော်ကြီး၊ ဆုတောင်းပြည့်ရွှေလဝင်းဓာတ်ပန္နက်စေတီတော်၊ ရှင်သီဝလိကိုယ်တော်ရုပ်တု စသည်တို့ကို တွေ့မြင်နိုင်ပါသည်။ လောကချမ်းသာအဘယလာဘမုနိကျောက်တော်ကြီး ရုပ်ပွားတော်တည်ရှိရာ မင်းဓမ္မကုန်းတော်အနီးတွင်လည်း ရတနာဆင်ဖြူတော်ဥယျာဉ်အတွင်းတွင် ကျောက်တော်ကြီးဘုရား ထုဆစ်ပုံဖော်စဉ်ကတည်းက ရောက်ရှိလာသော ဆင်ဖြူတော်သုံးစီးကိုလည်း မြင်တွေ့နိုင်ပါသည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2022-07-02 13:22:39

ယနေ့ဖူးမျှော်ခဲ့ပါသည်ခင်ဗျား။