ဦးကြင်ဥနေအိမ်

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ-မန္တလေး ကားလမ်းမကြီးအနီး၊ မုံရွေးလေးရွာ အပါအဝင်ဖြစ်သည့် ကြေးမုံကျေးရွာတွင် တည်ရှိသည်။ အိမ်ကြီးသည် မြန်မာသက္ကရဇ် ၁၂၀၀ ခုနှစ်ခန့်က ဆောက်ခဲ့သည် ဟုဆိုရာ ခရစ်နှစ် ၁၈၃၈ ခု သာယာဝတီမင်းလက်ထက်က ဆောက်ခဲ့သည်ဟု ယူဆရသဖြင့် နှစ်ပေါင်း ၂၀၀ နီးပါး ရှိနေပြီ ဖြစ်သည်။ အိမ်ကြီးသည် တစ်ထပ် ခြေတံရှည် အိမ်ဖြစ်ပြီး၊ လှေကား ဦးတိုက်အနေထား မတွေ့ရသဖြင့် မူလပိုင်ရှင် သည် မင်းမှုထမ်းတစ်ဦး မဖြစ်နိုင်ကြောင်း မှန်းဆရသည်။ ဦးသီလအိမ် ဟုလည်း ခေါ်ဝေါ်ဖူးသည်။

ပန္နက်ပုံအရပါဝင်သော အိမ်၏ အဓိကအစိတ်အပိုင်း များမှာ -

(က) ဧည့်ခန်းဆောင် (ပွဲကြည့်ဆောင်)

(ခ) မိသားစုခန်း

(ဂ) ဘဏ္ဍာခန်း

(ဃ) မီးဖွားခန်း                             

(င) အိပ်ခန်း (အိမ်ရှင်)

(စ) မီးဖိုဆောင်

(ဆ) ပစ္စည်းထားခန်းနှင့်အစေခံခန်း

(ဇ) ရေသွန်ချောင် (ရေချိုးခန်း)

(ဈ) ကပြင် (ဖိနှပ်ချွတ်) လှေကား

(ည) မြင်းဇောင်းတို့ ပါရှိသည်။

အိမ်၏ အဖြူထည်အစိတ်အပိုင်းများ (Framing) ကိုကျွန်းသစ်အခြေခံ၍ တည်ဆောက် ထားခြင်းပြီး အဆက်(Joinary) များကို  စရွေးဖြင့် အများဆုံး အသုံး ပြုကာ သံကို အတတ်နိူင်ဆုံး ရှောင်၍သုံးထား သည်။ အမိုးကို အုတ်ကြွတ် ပြားဖြင့် မိုးထားသည်။ အိမ်ကြီးမှာ တောင်နှင့်မြောက် အရှည် (၅၅)ပေ၊ အရှေ့နှင့်အနောက် ပေ(၅၀)ခန့် ရှိကာ ကျွန်းတိုင်(၈၈)လုံး ရှိသည်။

ဦးကြင်ဥ၏ ဆဌမမြောက် မျိုးဆက် ဒေါ်ညွန့်ညွန့် ထံမှရရှိသော မှတ်တမ်းအရ ဦးကြင်ဥသည် ရွှေတိုက်ဝန်မင်းတစ်ဦး၏ မြေးဖြစ်သည်။ မင်းတုန်းမင်း လက်ထက်တွင် ဦးကြင်ဥအား မင်းတုန်းမင်းက ဝင်းတော်မှူး ခန့်ထားလိုသော်လည်း မင်းမှုထမ်း မလုပ်လို၍ ရွာရှိ မိခင်ကြီးကျန်းမာရေး အကြောင်းပြကာ ရွာတွင်သာ နေထိုင်ခဲ့သည်။