အမရပူရ ကျောက်တော်ကြီး နံရံဆေးပန်းချီများ

31-Aug-2021

မြန်မာနိုင်ငံ အရပ်ရပ်ရှိ ရှေးဟောင်းစေတီပုထိုးများတွင် ခေတ်အဆက်ဆက်ရေးဆွဲခဲ့သည့် နံရံဆေးပန်းချီများ ရှိကြသည့်အနက် အမရပူရမြို့ရှိ ကျောက်တော်ကြီး စေတီလိုဏ်အတွင်း၌ ရေးဆွဲခဲ့သည့် ကုန်းဘောင်ခေတ်နှောင်းပိုင်း လက်ရာပန်းချီများသည် သုတေသီများအကြား၌ အထူးထင်ရှားခဲ့ပေသည်။ မဟာသကျရံသီဟု ဘွဲ့မည်တွင်ကာ တောင်သမန်ကျောက်တော်ကြီးဟုလည်း ထင်ရှားသည့် အမရပူရ ကျောက်တော်ကြီး စေတီတော်သည် တောင်သမန်အင်း၏ အရှေ့ဘက်တွင် တောင်သမန်ရွာနှင့် ထန်းတောရွာအကြား၌ တည်ရှိသည်။

 

မဟာသကျရံသီ

 

ကျောက်တော်ကြီးရုပ်ပွားတော်ကို စစ်ကိုင်းမင်းက ထုလုပ်လှူဒါန်းခဲ့ပြီး ရုပ်ပွားတော် သီတင်းသုံးသည့် ဂန္ဓကုဋိတိုက်ကို ပုဂံမင်းက ဆောက်လုပ်လှူဒါန်းခဲ့သည်။ စစ်ကိုင်းမင်းသည် မြန်မာသက္ကရာဇ် ၁၁၈၈ ခုနှစ် တပေါင်းလဆုတ် ၃ ရက် (၁၅- ၃- ၁၈၂၇) တွင် ကြေးဆင်းတုတော်တစ်ဆူ သွန်းလုပ်၍ အင်းဝ မဟာမြတ်မုနိစေတီတော် အနောက်ဘက်ရှိ လေးထပ်ကျောင်းသို့ ပင့်ဆောင်ကိုးကွယ်ခဲ့သည်။ ထို့နောက် စစ်ကိုင်းမင်းသည် ကျောက်ဆင်းတုတစ်ဆူ ထုလုပ်ရန် စကျင်တောင်မှ ကျောက်တော်ကြီးတစ်တုံးကို ပင့်ဆောင်ခဲ့ရာ မြန်မာသက္ကရာဇ် ၁၁၉၂ ခုနှစ် ကဆုန်လဆုတ် ၁၁ ရက် ( ၁၇ - ၅ - ၁၈၃၀) တနင်္လာနေ့တွင် အင်းဝသို့ ရောက်ရှိခဲ့သည်။

ယင်းကျောက်တုံးကြီးကို နေမျိုးစည်သူနှင့် ရွှေတောင်ဇေယျနော်ရထာတို့က ကြီးကြပ်လျက် ဆင်းတုတော်ထုလုပ်ကာ မဟာသကျရံသီဟု ဘွဲ့တော်ပေး၍ ဘုံကျော်ကျောင်းတိုက်ရှေ့ရှိ တန်ဆောင်းတော်သို့ ပင့်ဆောင်ထားရှိ ပူဇော်ခဲ့သည်။

သာယာဝတီမင်းသည် နောင်တော်စစ်ကိုင်းမင်းထံမှ ထီးနန်းရယူခဲ့ပြီးနောက် နန်းမြို့ကို အင်းဝမှ အမရပူရသို့ပြောင်းရွှေ့ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၀၈ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၄ ရက် (၁၇ - ၁ -၁၈၄၆) တွင် သားတော် ပုဂံမင်းက ထီးနန်းဆက်ခံခဲ့သည်။ ပုဂံမင်းသည် ဘကြီးတော် စစ်ကိုင်းမင်း ထုလုပ်ခဲ့သည့်ကျောက်တော်ကြီး ဆင်းတုတော်ကို အင်းဝမှ အမရပူရသို့ ပင့်ဆောင်ရန် တောင်သမန်သံတဲ၏ အစွန်တွင် မဟာရံတံတိုင်းနှင့် အုတ်ပြာသာဒ်တစ်ဆောင်ကို အုတ်မြစ်ချခဲ့သည်။

ထို့နောက် မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ် ဝါခေါင်လဆုတ် ၆ ရက် (၁၈ - ၈ - ၁၈၄၉) တွင် ရုပ်ပွားတော်ကြီးကို အမရပူရသို့ ပင့်ဆောင်၍ ဂန္ဓ ကုဋိတိုက်တော်၌ ထားရှိပူဇော်ခဲ့ရာ တောင်သမန်ကျောက်တော်ကြီးဟု ထင်ရှားခဲ့သည်။ ၁၂၁၂ ခုနှစ် သီတင်းကျွတ်လဆုတ် ၉ ရက် (၂၉-၁၀- ၁၈၅၀) တွင် ကျောက်တော်ကြီး ရုပ်ပွားတော်ကိန်းဝပ်မည့် ဘုရားအုတ်ရိုး အင်္ဂတေပြီးစီးသဖြင့် ၇ တောင် ၂ မိုက် ၄ သစ် မြင့်၍ အဝ ၂ တောင် ၄ သစ်ကျယ်ပြီး အဝန်း ၆ တောင် ၁ မိုက် ၄ သစ်ရှိသည့် ထီးတော်ကို တင်လှူခဲ့သည်။

 

ကျောက်တော်ကြီးဘုရား

 

ကျောက်တော်ကြီးဘုရားကို ကုလားကျောင်းခံလျက် ကွမ်းတောင် ပေါက်တည်ထားပြီး ကွမ်းတောင်အောက်ရှိ ပစ္စယာထောင့်တစ်ခုစီတွင် စေတီတစ်ဆူနှင့် ကလသာ အိုးသုံးလုံးစီ ထည့်သွင်းတည်ဆောက်ခဲ့သည်။ မုခ်လေးမုခ်ပါရှိသည့် ကုလားကျောင်း လိုဏ်အတွင်းရှိ အလယ်မဏ္ဍိုင်၌ တင်ပျဉ်ခွေ၊ ဘူမိဖဿမုဒြာ စကျင် ရုပ်ပွားတော်ကို ဖူးတွေ့ရပေသည်။

ရုပ်ပွားတော် သီတင်းသုံးနေသည့် လိုဏ်စေတီသည် ဖိနပ်တော် အချင်း ၈၉ တောင်၊ အမြင့် ၇၇ တောင် ၆ မိုက်၊ အာရုံခံလိုဏ် သံတောင် ၂၀၊ လှေကား ၁၀ တောင်၊ ကွန်ကရစ်ကြမ်းခင်း အတောင် ၂၀ ရှိသည်။ ။

ကျောက်တော်ကြီး ရုပ်ပွားတော်၏ ဉာဏ်တော်သည် ၁၁ တောင် ၂ မိုက် ၄ သစ်၊ စမ္မခဏ်ထိပ် ၈ တောင် ၄ သစ်၊ ထက်ဝယ်တော် ၇ တောင်၂ မိုက် ၄ သစ်၊ ဒူးတော်နှစ်ဖက် အကျယ် ၄ တောင် ၁ မိုက် ၄ သစ်၊ ပလ္လင်တော်လုံးပတ် ၂၁ တောင် ၁ မိုက် ၄ လေးသစ်၊ လက်မောင်း လုံးပတ်တော် ၃ တောင် ၂ မိုက် ၂သစ် ဖြစ်သည်။ ဌာပနာ ပစ္စည်းများမှာ ရွှေဆင်းတု ၁၂ ဆူ၊ ငွေဆင်းတု ၃၅၈ ဆူဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။

တောင်သမန်ကျောက်တော်ကြီး သီတင်းသုံးနေသည့် အုတ်တိုက်ကို ပုဂံရှိ အာနန္ဒာစေတီတော် လိုဏ်ပုံစံ တည်ဆောက်ထားကာ အဝင်မုခ်ပေါက် လေးခု၏ တစ်ဖက်စီတွင် မုခ်ပေါက်ငယ်များ ပြုလုပ်ထားပြီး ယင်း အပေါက်များမှလည်း လိုဏ်အတွင်းသို့ ဝင်ရောက်နိုင်သည်။

စေတီတော် လိုဏ်အမိုးကို အုတ်တိုင်များဖြင့် အတန်းလိုက် ထောက်ပင့်ထားသဖြင့် အုတ်တိုင်များသည် ပတ်လမ်းနှစ်ခု ခြားထားသည့်နှယ် ဖြစ်နေသည်။ လိုဏ်အတွင်း ပတ်လမ်းအရှေ့တွင် အုတ်ခုံပြုလုပ်၍ ရဟန္တရုပ်တု ၈၈ ဆူကို ထားရှိ၍ တိုးလျှိုပေါက်နေသည့် အရှေ့နှင့် အနောက်မုခ်ပေါက် အလယ်၌ ပလ္လင်နှင့် ဆင်းတုတော်ကို ထားရှိသည်။ ။

အမိုးများဆင့်ကာ တည်ဆောက်ထားသည့် ကျောက်တော်ကြီး ဘုရားတစ်ထပ် အဆောက်အအုံ ဝင်ပေါက်များ၏ အထက်ပိုင်းကို အင်္ဂတေပန်းခက်များနှင့် လူပျံတော်ရုပ်များဖြင့် တန်ဆာဆင်ထားသည်။ မုခ်တံကဲများတွင်လည်း စေတီ၊ နတ်ရုပ်၊ ခြင်္သေ့၊ ကြေးကွေး၊ မိကျောင်း၊ မကန်းရုပ်များကို ထည့်သွင်းပုံဖော်ထားသည်။ ရင်ပြင်ပေါ်သို့တက်သည့် လှေကားထိပ်တွင် မနုဿီဟက မကန်းကို မေးအောက်မှ ထမ်းပိုးထားဟန်ကို ထူးခြားစွာ မြင်တွေ့နိုင်ကြပေသည်။

လိုဏ်အုတ်ပေါင်းကူး၏ မျက်နှာပြင်ကို ချောမွေ့စေရန် ပြုလုပ်ပြီး နံရံဆေးပန်းချီများ ရေးဆွဲထားသည်။ မုခ်ပေါက် လေးခုတွင် ပုဂံမင်း၏ ကုသိုလ်တော်ရုပ်ပုံများကို ရေးဆွဲပြီး အညွှန်းစာသားများလည်း ရေးသားထား သည်။ အမရပူရ၊ အင်းဝ၊ ဥက္ကလာပ၊ ရွှေတောင်၊ ပြည်။ကူခန်း၊ စစ်ကိုင်းနှင့် ပုဂံမြို့များတွင် ပုဂံမင်းကြီး လှူဒါန်းခဲ့သည့် ကျောင်း၊ ကန်၊ သိမ် ၊ ဥမင်ပုံများကို ရေးဆွဲထားသည်။ နတ်၊ ဝိဇ္ဇာ၊ ဇော်ဂျီ၊ နက္ခတ်တာရာ၊ ဆင်၊ မြင်း၊ ကျွဲ၊ နွားများနှင့် နန်းတော်သူ၊ နန်းတော်သား၊ လှေပြိုင်ပွဲ၊ သင်္ဘော၊ ဆိုင်းဝိုင်း၊ တောတောင် သစ်ပင်စသည်တို့ကို ဆေးရောင်စုံများ ခြယ်ထားသည်။ ယင်းပုံများကို မူလအနေအထားအတိုင်း နီးပါး ကောင်းမွန်စွာ ထိန်းသိမ်းထားသည်။

 

ကျောက်တော်ကြီး နံရံဆေးပန်းချီများ

 

ကျောက်တော်ကြီးဘုရား ဂန္ဓကုဋိတိုက် မုခ်လေးခုတွင် ရေးဆွဲထားသည့် နံရံဆေးပန်းချီများသည် အနီး အဝေး သုံးဖက်မြင်ပုံများ ဖြစ်ကြသည်။ အဖြူ၊ အနက်၊ အဝါ၊ အနီနှင့် အပြာရင့်ရောင်တို့ကို အသုံးပြု၍ ကောက်ကြောင်းများကို အနီရောင် အသုံးပြုထားသည်။ အရောင်များသည် သဘာဝအရောင်နှင့် ပိုမိုနီးစပ်ကာ အရောင်ရောစပ်မှုများ အားကောင်းသည်။ မြောက်ဘက် မုခ်အနီရောင် တစ်ကြောင်းမျဉ်းဖြင့် ဆွဲထားသည့် ပုံကြမ်းများ ကျန်ရှိနေသည်။

အရှေ့ဘက်မုခ် တောင်ဘက် မျက်နှာကြက်တွင် နတ်၊ ဝိဇ္ဇာ၊ ဇော်ဂျီနှင့် လူများ ပန်းပူဇော်နေပုံ၊ ထန်းတော နှင့် တောင်တန်းများ၊ တံတိုင်းအတွင်းရှိ စေတီ ငါးဆူ၊ ပျက်နေသည့် စေတီ တစ်ခြမ်းပုံတို့ကို ရေးဆွဲထားသည်။

အရှေ့ဘက်မုခ် မြောက်ဘက် မျက်နှာကြက်၌ နီညိုရောင်အောက်ခံတွင် ဆွဲထားသည့် မီးခိုးရောင် ကြာပွင့်အထပ်များကို မြင်တွေ့ရပေသည်။ ထို့အတူ ခြေတော်ရာနှင့် ဘီလူးပန်းဆွဲ၊ ဝိဇ္ဇာ၊ ဇော်ဂျီ၊လူပျံများပန်း တံခွန်များ လှူဒါန်းနေပုံ၊ တံတိုင်းအတွင်းမှ စေတီတော်၊ ကျောင်းဆောင်နှင့် ဆင်းတု၊ ဘုန်းကြီးကျောင်းများ၊ ပဒေသာပင် လှည့်လည်ပုံနှင့် တောတောင်များကို ရေးဆွဲထားသည်။

အနောက်ဘက်မုခ် တောင်ဘက်နံရံတွင် နက္ခတ်တာရာများ၊ နတ်၊ ဝိဇ္ဇာ၊ ဇော်ဂျီနှင့် လူများ ပန်းတံခွန် ပူဇော်နေပုံ၊ တောင်တန်းများနှင့် တံတိုင်းခတ်ထားသည့်စေတီ၊ ပြည်မြို့မှ ရွှေဘုန်းမြင့်နှင့် ရွှေဘုန်း ပွင့်စေတီ၊ ပုဂံအာနန္ဒာဘုရား၊ ဇရပ်၊ သစ်သားကျောင်း၊ မြစ်အတွင်းမှ လှေများ၊ ရေတွင်း၊ ဆွမ်းချက်ပုံများရေးဆွဲထားသည်။ ။

အနောက်ဘက်မုခ် မြောက်ဘက်နံရံတွင် နက္ခတ်တာရာများ၊ ထန်းပင်များ၊ တောတောင်များ၊ ကုသိုလ်တော်ဘုရား စောင်းတန်း၊ ကူခန်းမြို့ သဲအင်းရွာကုသိုလ်တော်ဘုရား၊ အဝမြို့ လောက သရဖူဘုရား မဟာရံတံတိုင်းအတွင်းမှ စေတီအပါအဝင် စေတီများ၊ ကျောင်းဝင်းအတွင်း ဘုရားဖူးများ စခန်းချပုံ၊ ခြင်္သေ့နှင့် ကျားပုံ တောင်ကမ်းပါးယံနှင့် တောတန်းတွင် မုဆိုးများ စခန်းချနေပုံတို့ကို ရေးဆွဲထားသည်။ ။

တောင်ဘက်မုခ်အရှေ့ဘက်နံရံတွင် နက္ခတ်တာရာများ၊ နတ်၊ ဇော်ဂျီ၊ လူပျံ၊ သူတော်စင်များ၊ တောင်ကုန်းတောင်တန်းများ၊ မဟာဝိဇယရံသီ ဝါဆိုကျောင်း၊ ပုဂံရွှေစည်းခုံ၊ အဝလောကသရဖူ မဟာရံအတွင်းမှ အုတ်ပြာသာဒ်၊ ဆင်များရေချိုးပုံ၊ လှေပြိုင်ပွဲ၊ အုတ်လှေကား ရှစ်စင်းပါကျောင်းပုံတို့ကိုရေးဆွဲထားသည်။

တောင်ဘက်မုခ်အရှေ့ဘက်နံရံတွင် နက္ခတ်တာရာများ၊ နတ်၊ ဇော်ဂျီ၊ လူပျံ၊ သူတော်စင်များ၊ တောင်ကုန်းတောင်တန်းများ၊ မဟာဝိဇယရံသီဝါဆိုကျောင်း၊ ပုဂံရွှေစည်းခုံ၊ အဝလောကသရဖူ မဟာရံအတွင်းမှ အုတ်ပြာသာဒ်၊ ဆင်များရေချိုးပုံ၊လှေပြိုင်ပွဲ၊ အုတ်လှေကား ရှစ်စင်းပါကျောင်းပုံတို့ကို ရေးဆွဲထားသည်။ တောင်ဘက်မုခ် အနောက်ဘက်နံရံတွင် ရေးဆွဲထားသည့် ပန်းချီများတွင် နတ်၊ ဇော်ဂျီ၊ လူပျံများ၊ သူယောင်မယ်လုသည့် ဝိဇ္ဇာနှစ်ဦးဓားချင်းယှဉ်ခုတ်ပုံ၊ တောင်တန်းများ၊ မဟာဝိဇယရံသီ ဝါဆိုကျောင်း၊ ပုဂံရွှေစည်းခုံ၊ အဝလောကသရဖူ မဟာရံအတွင်းမှ အုတ်ပြာသာဒ်၊ ဥက္ကလာပရှိအိမ်တော်ရာဘုရား၊ ကုသိုလ်တော်သိမ်နှင့် ရေကန်၊ တောတောင်နှင့် စာမရီများ၊ ကလေးများ ဆော့ကစားနေပုံ၊ ရှင်ပြုလှည့်လည်ပွဲ၊အမြောက်တင် သင်္ဘောများ၊ တောတောင်များ၊ အဘိုးကြီးနှစ်ယောက်၊ မြစ်အတွင်းမှ သင်္ဘော၊ ဆင်များ ရေချိုးနေပုံတို့ ပါဝင်သည်။

မြောက်ဘက်မုခ် အရှေ့ဘက်နံရံတွင် နတ်၊ ဇော်ဂျီ၊ လူပျံများ ပန်းတံခွန် ပူဇော်နေပုံ၊ စေတီပုံ၊ ဆွမ်းချက်ဆွမ်းလောင်းပုံ၊ လှေပြိုင်ပွဲ ကျင်းပပုံ။ အရှေ့ဘက်ဘေးလိုဏ်တွင် နန်းတော်ဆောင်နှင့် နန်းတွင်းသားများ၊ ဆင်၊ မြင်း၊ နွားများပုံတို့ကို ရေးဆွဲထားသည်။

မြောက်ဘက်မုခ်အနောက်ဘက်နံရံတွင် နက္ခတ်တာရာများ၊ နတ်၊ ဇော်ဂျီလူပျံများ ပန်းတံခွန်ပူဇော်နေပုံ၊ တောတောင်များ၊ ဘုရားတစ်ဆူ၊ တံတိုင်းခတ်ထားသည့် စေတီတစ်ဆူ၊ စစ်ကိုင်းမြို့ ဥမင် ၃၀၊ တံတိုင်းခတ်ထားသည့် ကုလားကျောင်းခံ စေတီတစ်ဆူ၊ အပါအဝင် စေတီများ၊ တောတောင်များ၊ ရသေ့များ တရားကျင့်နေပုံ၊ မုဆိုးများအမဲလိုက်နေပုံ၊ လှေ၊ ဆင်၊ ကျားနှင့် ကျွဲပုံများ ရေးဆွဲထားသည်။

မြောက်ဘက်မုခ် အနောက်ဘက်ဘေးလိုဏ်နံရံတွင် အနက်ရောင်ကောက်ကြောင်း ပန်းချီများ၊ နန်းဆောင်များ၊ ဆိုင်းဝိုင်းနှင့် ပရိသတ်များ၊ နန်းတော်သူ နန်းတော်သားများပုံကို ရေးဆွဲထားပေသည်။

 

ခြေတော်ရာ၊ ဘုရားစေတီနှင့် နက္ခတ်တာရာပုံများ

 

ဘုရားရှင်ခြေတော်ရာပုံများကို ကျောက်တော်ကြီး ဘုရားအရှေ့ဘက်မုခ်မျက်နှာကြက် အလယ်၊ တောင် ဘက်နှင့် မြောက်ဘက်မုခ် မျက်နှာကြက်စွန်းတွင် မြင်တွေ့ရသည်။ ယင်းခြေတော်ရာများတွင် စက်လက္ခဏာ ၁၀၈ ကွက်ပါရှိကာ ဘုရားရှင်သည် ဘုရားဖူးလာရောက်ကြသူများ၏ ဦးထိပ်တွင် တည်ရှိနေဟန် ရေးဆွဲခဲ့ကြောင်း ယူဆဖွယ်ရှိပေသည်။ ။

ကျောက်တော်ကြီးဘုရား နံရံဆေးပန်းချီများတွင် စေတီပုထိုးပုံများပါရှိရာ ယင်းတို့အများစုသည် ပုဂံမင်း၏ ကုသိုလ်တော်များဖြစ်ကြပြီး အညွှန်းစာသားများလည်း ရေးသားထားသည်။ အမရပူရ၊ အင်းဝ၊ ဥက္ကလာပ၊ ရွှေတောင်၊ ပြည်၊ ကူခန်း၊ စစ်ကိုင်းနှင့် ပုဂံမြို့များတွင် ပုဂံမင်းကြီး လှူဒါန်းခဲ့သည့် ကျောင်း၊ ကန်၊ သိမ်၊ ဥမင်ပုံ များကို ရေးဆွဲထားသည်။

မဟာသကျရံသီ အင်းဝမြို့မှ လောကသရဖူ၊ ပြည်မြို့မှ ရွှေဘုန်းမြင့်၊ ရွှေဘုန်းပွင့်၊ ပုဂံမှ အာနန္ဒာနှင့် ရွှေစည်းခုံ၊ ကူခန်းမြို့ (ယခု မြန်အောင်)၊ သဲအင်းရွာမှ ကုသိုလ်တော်ဘုရား၊ စစ်ကိုင်းမြို့မှ ဥမင်သုံးဆယ်ဘုရားများကိုမြင်တွေ့ရသကဲ့သို့ မဟာဝေယံ ဘုံသာစံကျောင်း၊ မဟာဝိဇယရံသီ မဟာရံအတွင်းမှဝါဆိုကျောင်း၊ ရွှေကူကြီးတိုက်ဝါဆိုကျောင်း၊ ဥက္ကလာပမြို့ (ရန်ကုန်မြို့)မှ အိမ်တော်ရာကျောင်း စသည့် သာသနိက အဆောက်အဦများကို ရေးဆွဲခဲ့သည်။ ဘုရားစေတီများနှင့်ကျောင်းကန်များကို ကုသိုလ်တော်ဟု သုံးစွဲခြင်းဖြင့် ပုဂံမင်း၏ အလှူဒါန ကောင်းမှုတော်များဟု ထင်ရှားစွာ သိရှိစေခဲ့သည်။

ကျောက်တော်ကြီးဘုရား အနောက်ဘက်မုခ် မျက်နှာကြက်တွင် ကောင်းကင်ပြင်၌ နက္ခတ်တာရာများ ရွေ့လျားနေပုံနှင့် တောင်ဘက်နှင့် မြောက်ဘက်မုခ် မျက်နှာကြက်တို့တွင် ၁၂ ရာသီခွင် စက်ဝိုင်းအတွင်း၌ နက္ခတ်တာရာများ တည်ရှိနေပုံကို ရေးဆွဲထားသည်။ ယင်းတို့သည် နက္ခတ် ၂၇ လုံး၊ အတွင်း တာရာ ၂၈ လုံးနှင့် အပြင်တာရာ ၂၈ လုံးတို့ ဖြစ်ကြပြီး နက္ခတ် ၂၇ လုံးပုံကို စာသားများဖြင့် ယှဉ်တွဲဖော်ပြထားပေသည်။

ထို့အတူ ကျောက်တော်ကြီး နံရံပန်းချီများတွင် နတ်သားပုံများနှင့် ခေတ်ကာလအခြေအနေ လူမှုစီးပွားပုံဟန်များကို ရေးဆွဲထားရာ ဘာသာရေးနှင့် စပ်လျဉ်း၍ ပြည်သူများ ဘုရားကျောင်းကန်များသို့ သွားရောက် ကြပုံ၊ ဥပုသ်သီလဆောက်တည်ကြပုံ၊ ဆွမ်းချက်၊ ဆွမ်းလောင်းကြပုံ၊ ရှင်ပြု မင်္ဂလာကျင်းပပုံ၊ ဆွမ်းခံထွက်ကြပုံ၊ ရသေ့များ တရားကျင့်နေပုံတို့ကို ရေးဆွဲထားသည်။

ပြည်သူတို့၏နေ့စဉ် လူနေမှုဘဝသရုပ်ဖော်ပုံများတွင် မြစ်ချောင်းများ၌ ရေချိုးနေပုံ၊ ငါးဖမ်းနေပုံ၊ အမဲလိုက်နေပုံ၊ လှည်း၊ လှေတို့ဖြင့် ခရီးသွားပုံ၊ ခြေကျင်သွားကြပုံ၊ ထန်းပင်တက်ပုံ၊ ဈေးရောင်းချပုံ၊ ကလေးများ ဆော့ကစားကြပုံတို့ ပါဝင်သည်။ ယင်းသရုပ်ဖော်ပုံများကို ပုဂံမင်း၏ ကောင်းမှု ကုသိုလ်တော် အဆောက်အအုံများကို ရေးဆွဲရာတွင် သင့်လျော်သည့် နေရာများ၌ ထည့်သွင်းရေးဆွဲခဲ့သည်။

မြန်မာနိုင်ငံရှိ ရှေးဟောင်းစေတီပုထိုးများတွင် တွေ့ရလေ့ရှိသည့် နံရံဆေးပန်းချီများသည် ပုဂံခေတ်တွင် အလွန်ထင်ရှား များပြားခဲ့ပြီး ပုဂံရှိ ရှေးဟောင်းစေတီပုထိုးများစွာတွင် နံရံဆေးပန်းချီများကို ယနေ့တိုင် မြင်တွေ့ကြရပေသည်။ ပုဂံခေတ်ဦးပိုင်း နံရံဆေးပန်းချီလက်ရာများတွင် အိန္ဒိယဟန်များ ပါဝင်ခဲ့ကာ နောက်ပိုင်းလက်ရာများတွင် မြန်မာမှု မြန်မာဟန်များ ပါဝင်လာခဲ့သည်။

ညောင်ရမ်းခေတ်တွင်လည်း နံရံဆေးပန်းချီများကို များစွာရေးဆွဲခဲ့ကြပြီး ကုန်းဘောင်ခေတ် ပန်းချီများတွင် အနောက်တိုင်း ပန်းချီရေးဆွဲမှု စနစ်များ ပါဝင်လာခဲ့ကြောင်း သုတေသီများက သုံးသပ်ခဲ့သည်။ ထို့အပြင် အစဉ်အလာ ရေးဆွဲခဲ့ကြသည့် ဗုဒ္ဓဝင်ဇာတ်ကွက်များအပြင် လူမှု ဘဝပုံရိပ်များ ရေးဆွဲခဲ့ပုံကို ကျောက်တော်ကြီး နံရံပန်းချီများတွင် မြင်တွေ့ကြရပေသည်။

အမရပူရ ကျောက်တော်ကြီးဘုရားရှိ ကုန်းဘောင် ခေတ်နှောင်းပိုင်းလက်ရာ နံရံဆေးပန်းချီများကို ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသဖြင့် ယနေ့တိုင် မူလလက်ရာများနီးပါးအတိုင်း ကျန်ရှိနေပေသည်။ ထို့ကြောင့် နှောင်းလူများက ယင်းနံရံ ပန်းချီများမှ သမိုင်းအထောက်အထားများကို ရှာဖွေနိုင်သကဲ့သို့ ယင်းခေတ်ကာလ ပန်းချီပညာရပ်ကိုလည်း လေ့လာနိုင်ခဲ့ကြပေသည်။ ကုန်းဘောင်ခေတ်နှောင်းလက်ရာ မြန်မာမှုပန်းချီပညာရပ် အထောက်အထား သက်သေများဖြစ်သည့် အမရပူရ၊ ကျောက်တော်ကြီးဘုရား နံရံဆေးပန်းချီများကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ကြခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဂုဏ်ကို မြှင့်တင်နိုင်ကြမည် ဖြစ်ပေသည်။

 

မောင်သာ(ရှေးဟောင်းသုတေသန)

 

ကိုးကား

မြန်မာ့ရက်စွဲသမိုင်း၊ ကုန်းဘောင်ဆက် (ဦးတိက္ခဓမ္မာလင်္ကာရနှင့် ဒေါက်တာသန်းထွန်း)

တောင်သမန်ပတ်ဝန်းကျင် သမိုင်းဝင်နေရာများ(ကိုပညာ၊ အမရပူရ)

ခေတ်အဆက်ဆက် မြန်မာ့ပန်းချီများ (မင်းဘူး အောင်ကြိုင်)