ကျိုက်တဂိုးနွတ်ဆံတော်ကြိုစေတီတော်

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ဆပဂံဆံတော်ကြိုစေတီမြောက်ဘက် ၁ မိုင်အကွာ၊ ဒလ - ကော့မှူး - ကွမ်းခြံကုန်းကားလမ်းတောင်ဘက် ၆ ဖာလုံအကွာတွင် တည်ရှိသည်။ တဖုဿနှင့် ဘလ္လိကညီနောင်တို့ ပင့်ဆောင်ခဲ့သော ရွှေတိဂုံစေတီတော်တွင် တည်ထားကိုးကွယ်မည့် ဆံတော် ၈ ဆူကို ဒလတောကြီးတန်း (ယခု ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူးမြို့နယ်၊ တွံတေးမြို့နယ်) တစ်လျှောက် ပင့်ဆောင်ခဲ့စဉ်က ရပ်နားရာနေရာများ၌ တည်ထားကိုးကွယ်ခဲ့သော ဆံတော်ကြိုစေတီ ၉ ဆူရှိခဲ့ရာ ကျိုက်တဂိုးနွတ်ဆံတော်ကြိုစေတီသည်လည်း တစ်ဆူအပါအဝင်ဖြစ်သည်။ စေတီတော်သည် ဖိနပ်တော်အတောင် ၆၀ ခန့်ရှိသည်။ “တဂိုးနွတ်” ဆိုသည်မှာ မြန်မာဘာသာဖြင့် စမ်းချောင်းကြီးဟု အမည်ရပြီး ယခုတိုင် စေတီတော်အနီး၌ စမ်းချောင်းကို တွေ့မြင်နိုင်ပါသည်။