ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း

Listing Description

ကော့မှူးမြို့၏ အနောက်ဖက် ၆ မိုင်ခန့်အကွာ ငှက်အော်စမ်းကျေးရွာတွင် တည်ရှိသည်။ ယခင်က ထိုသင်တန်းကျောင်းနေရာတွင် ငှက်အော်စမ်းဒေလာဆာလ်ဟုခေါ်သော ကမ္ဘာ့အဆင့်မီ ပညာရေးကျောင်းကြီး တစ်ကျောင်း တည်ရှိခဲ့ဖူးသည်။ ထိုကျောင်းကြီးကို ပြင်သစ်နိုင်ငံမှ ပြင်သစ်လူမျိုး ကတ်သလစ်ခရစ်ယာန် သာသနာပြု ဒေလာဆာလ်ဂိုဏ်းမှ ဘရာသာရ်ဂျွန် ဆိုသော သူတော်စင်ကိုရင်ကြီးက ၁၉၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်ဟု လေ့လာသိရှိရသည်။ ထိုကျောင်းကြီးမှ မွေးထုတ်ပေးလိုက်သော ကျောင်းသားများသည် နိုင်ငံတကာတွင်ဝင်ဆန့်ပြီး အလုပ်အကိုင်ကောင်းများ၊ အရာရှိများ၊ နိုင်ငံတော်အကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ၊ အလွှာပေါင်းစုံ ပါဝင်ခဲ့ကြသည်။ ၁၉၇၅ ခုနှစ်တွင် ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းဟူ၍ သတ်မှတ်ခဲ့ပြီး အသက် ၆ နှစ်မှ ၁၆ နှစ်အတွင်း ကလေးသူငယ်ဥပဒေအရ အရေးယူခံထားရသော ပြစ်မှုကျူးလွန်သည့် ကလေးငယ်များ၊ လမ်းပေါ်နေကလေးငယ်များနှင့် လူမှုဝန်ထမ်းဦးစီးဌာနက သတ်မှတ်ထားသော ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် ကလေးငယ်များကို လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပြီး ကျောင်းပညာရေးအပြင်၊ အသက်မွေးဝမ်းကျောင်းပညာများကိုလည်း လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ မူလ ဆောက်လုပ်ထားသော ဒေလာဆာလ်ကျောင်းကြီးမှာ ၁၉၇၈ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ပြီးဖြစ်သည်။