ပြည်တော်ဝင်ဘုရား

Listing Description

ပြည်တော်ဝင်ဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံနန်းမြို့ရိုးအတွင်း၊ သဗ္ဗညုဘုရားကြီး၏ အာရုံခံစင်္ကြံပတ်လမ်းမြောက်ဘက်ခြမ်းတွင် မှန်ကျောင်းဆောင်ဖြင့် စံပါယ်လျက်ရှိပါသည်။ ပြည်တော်ဝင်ဘုရားဆင်းတုတော်ကြီး ထုဆစ်ထားပုံမှာ ၉ ပေခန့်ရှိ သဲကျောက်တုံးကြီးကို ထုဆစ်ထားခြင်းဖြစ်သည်။ ဘုရားရှင်သည် သလွန်ပေါ်မှ ကြာပလ္လင်ပေါ် ခြေတွဲလွဲချထားကာ လက်တော်များမှာ တစ်ဖက်ကိုဖြန့်၍ ကျန်တစ်ဖက်ကို ကာပြထားဟန် ကရုဏမုဒြာ ရုပ်ပွားဆင်းတော်ကြီးဖြစ်ပြီး ပုဂံတွင် တစ်ဆူတည်းရှိသော ရှားပါးလက်ရာဖြစ်သည်ဟု သိရပါသည်။ ပုဂံတွင် ခြေတွဲလွဲချထိုင်ဟန် အင်္ဂတေရုပ်ပွားဆင်းတုတော်များမှာ မြင်းကပါရပ်ရှိ ကျဆင်းဘုရားအပါအဝင် သုံးဆူခန့်ရှိပါသည်။ သို့သော် နေမိတရုပ်ပွားဆင်းတုတော်များ ဖြစ်ကြပါသည်။ သဗ္ဗညုဘုရား ပြည်တော်ဝင်ဘုရားရုပ်ပွားဆင်းတုတော်ကြီးမှာ သိဒ္ဓတ္ထမင်းသား တောထွက်ပြီး ခုနစ်နှစ်အကြာ သဗ္ဗညုတရွှေဉာဏ်တော်ရကာ ဘုရားအဖြစ်ရောက်ရှိပြီးနောက် ကပ္ပိလဝတ်နန်းတော်သို့ ပြန်လည်ကြွချီ၍ ယသော်ဓရာအား တရားဟောခိုက် ရတနာသလွန်ထက်၌ ခြေတွဲလွဲချ စံတော်မူစဉ် ယသော်ဓရာမင်းသမီးသည် ဘုရားရှင်ထံချဥ်းကပ်ကာ ဘုရားရှင်၏ခြေတော်အစုံကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာပိုက်ပြီး ခြေဖမိုးတော်တွင် မျက်နှာအပ် ရှိခိုးကန်တော့၍ မိမိခံစားခဲ့ရသော အပူမီးများ ငြိမ်းအေးသက်သာရာရရှိခဲ့‌သည်ကို ရည်ညွှန်း၍ ထုဆစ်ပူဇော်ထားသည်ဟု သိရပါသည်။ ထိုပြည်တော်ဝင်ဘုရား၏ ထူးခြားမှုမှာ လာရောက်ဖူးမြော်သူတို့အား သောကဟူသမျှ ငြိမ်းအေး၍ လိုရာဆန္ဒပြည့်မြောက်သည်ဟု ယုံကြည်ကြပါသည်။