စံကားမြို့ဟောင်းနှင့် တာခေါင်မွေတော်ဘုရား

Listing Description

စံကားမြို့ဟောင်းသည် ညောင်ရွှေမြို့နယ် အင်းလေးကန်မှ တောင်ဘက်သို့ မိုင် ၄၀ အကွာတွင် တည်ရှိပါသည်။ သမိုင်းမှတ်တမ်းများအရ စံကားမြို့ကို ခရစ်နှစ် ၁၄၇၉ ခုနှစ်တွင် ရှမ်းစော်ဘွား စဝ်ပြားက တည်ထောင်ခဲ့ပြီး မြို့လယ်၌ ပုထိုးတော် တစ်ဆူတည်၍ တရုတ်စံကားသားဖြင့် ထုလုပ်ထားသည့် ဗုဒ္ဓဆင်းတုတော်ကို ဌာပနာခဲ့ကာ စံကားရွှေဂူဘုရားဟုဘွဲ့ အမည်သမုတ်ခဲ့သည်။ စေတီတော်၏ လိုဏ်အတွင်းပိုင်းကို ဗုဒ္ဓဝင်နိပါတ်တော်လာ ဇာတ်ကွက်များ ထုလုပ်ထားသည့် အင်္ဂတေရုပ်တုများဖြင့် တန်ဆာဆင်ထားသည်။ ခရစ်နှစ် ၁၈၈၇ ခုနှစ်တွင် စံကားမြို့ကို စော်ဘွား စဝ်စိန်ဖူးက အုပ်ချုပ်ခဲ့ကာ စံကားမြို့၏ နောက်ဆုံး စော် ဘွားသည် စောဝ်ခွန်ကြည်ဖြစ်သည်။ မိုးဗြဲကျေးရွာအနီးတွင် မိုးဗြဲရေလှောင်ကန် တည်ဆောက်ခဲ့သဖြင့် ဘီလူးချောင်း ရေမျက်နှာပြင်မြင့်တက်လာရာမှ စံကားအင်း ပေါ်ပေါက်ခဲ့သည်။ ထိုအချိန်တွင် စံကားရွာတွင်နေထိုင်ခဲ့ကြသူများသည် အနောက်ဘက်ရှိ တာခေါင်ဘုရားရှိရာ ကုန်းမြင့်နေရာသို့ ပြောင်းရွှေ့ခဲ့ကြရသဖြင့် စံကားရွာသည် စံကားအင်းခြားလျက် အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက် ခြမ်းဟူ၍ နှစ်ပိုင်းဖြစ်သွားခဲ့သည်။ စံကားရွာမအလယ်၌ နံရွှေဂူဘုရား၊ အင်းစပ်၌ ရေမြုပ်လုနီးဖြစ်နေသည့် နှစ်ကျိပ်ရှစ်ဆူဘုရားစု၊ မြို့မဘုန်းကြီးကျောင်းဝင်း၌ ရှေးဟောင်းစေတီနှင့် ရှေးဟောင်းသိမ်တို့ကို မြင်တွေ့နိုင်သည်။

အင်းအနောက်ဘက် စံကားတွင် တာခေါင်မွေတော်ဘုရား တည်ရှိပြီး စေတီနှင့် ဆင်းတုတော်များ စုဝေးတည်ရှိနေသည်။ တာခေါင်မွေတော်ဘုရားစုတွင် စေတီ ၂၃၆ ဆူရှိကာ များစွာသော ရုပ်လုံးရုပ်ကြွများကို လေ့လာနိုင်သည်။ ကုန်းမြင့်ပေါ်၌ တည်ရှိသည့် တာခေါင်မွေတော်ဘုရားစုတွင် အရွယ်မျိုးစုံ စေတီများရှိပြီး ရင်ပြင်တော် တန်ဆောင်းအတွင်း၌ လုံးတော်ပြည့်ရွှေချထားသော ဆင်းတုတော်ကြီးတစ်ဆူ ကိန်းဝပ်လျက်ရှိသည်။ တာခေါင်မွေတော်ဘုရားကို ၁၅ ရာစု အလယ်ခန့်တွင် တည်ထားခဲ့သည်ဟုဆိုကြပြီး ဘုရားရင်ပြင် မြောက်ဘက်ရှိ ခေါင်းလောင်းတွင် “သက္ကရာဇ် ၁၁၅၈ ခု တပေါင်လဆန်း ၂ ရက် သွန်းသည်"ဟု ပါရှိသည်။ တောင်ဘက်ရှိ ခေါင်းလောင်းတွင် "ကျေးအချိန်ပေါင်း ၆၄၀ ရှိပါသည်"ဟု ရေးထိုးထားသည်ကို တွေ့မြင်နိုင်သည်။