မကွေးတိုင်းဒေသကြီး ဆေးရုံကြီးကို ခုတင် ၂၀၀ မှ ၅၀၀ သို့ အဆင့်မြှင့်တင်

Listing Description

မကွေး နိုဝင်ဘာ ၈

ကုသရေးဦးစီးဌာန(နေပြည်တော်)က အောက်တိုဘာ ၂၆ ရက်တွင် မကွေး တိုင်းဒေသကြီး ဆေးရုံကြီးကို ခုတင် ၂၀၀ မှ ၅၀၀ သို့ အဆင့်တိုးမြှင့်ဖွင့်လှစ် ခွင့်ပြုလိုက်ပြီး အဆိုပါ ခွင့်ပြုချက် ကြောင့် ကုသရေးပိုင်းတွင် ပိုမို ကောင်းမွန်လာတော့မည်ဖြစ်ကြောင်း သိရသည်။

“ ခုတင် ၅၀၀ အဆင့်မြှင့်လိုက်တဲ့ အကြောင်းက ဦးနှောက်နဲ့အာရုံကြော၊ ကျောက်ကပ်နဲ့ ပတ်သက်တာ၊ ကင်ဆာအတွက် ဓာတ်ရောင်ခြည် ကုသရေးလုပ်ငန်းတွေကို အဆင့် မြှင့်ပေးချင်တာပါ။ ဒီလုပ်ငန်းတွေ အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ကျွမ်းကျင်ပညာရှင် တွေ ခန့်ထားပေးရင် မကွေးမြို့ကြီး အတွက် ပိုကောင်းလာမှာပါ။ ကင်ဆာ ကု တွေ၊ ဦးနှောက်နဲ့ အာရုံကြောခွဲ စိတ်ကုတွေ ဒါမျိုးတွေကို မန္တလေး၊ ရန်ကုန်နဲ့ နေပြည်တော်ကို သွားစရာ မလိုဘဲနဲ့ လုပ်နိုင်မှာပါ” ဟု တိုင်း ဒေသကြီး ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းဝင်းဌေးက ပြော သည်။

ယင်းဆေးရုံကြီး ဝင်းအတွင်း၌ ပြည်ထောင်စုဘတ်ဂျက်နှင့် တိုင်း ဒေသကြီးအစိုးရရန်ပုံငွေ ပံ့ပိုးမှုများ ဖြင့် တည်ဆောက်ခဲ့သည့် ငါးထပ် တိုးချဲ့ဆောင်ကြီးနှင့် ဂျပန်နိုင်ငံ(JICA) မှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၈ သန်းတန်သားဖွားမီးယပ် နှင့် မွေးကင်းစကလေး ကုသဆောင် (သုံးထပ်အဆောက်အအုံ)မှာ တည် ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရ သည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက “ ခုမြင် ရတာက ဂျပန်ပြည်သူတွေရဲ့ စေတနာ နဲ့ ဆောက်လုပ်လှူဒါန်းထားတဲ့ မွေးကင်းစနဲ့ သားဖွား၊ မီးယပ်ဆေးရုံ အသစ်ပါ။ နှစ် ၅၀ ခန့်ကြာမြင့်ပြီ ဖြစ်တဲ့ လက်ရှိတိုင်းဆေးရုံအဟောင်း ကိုလည်း ယခုဆေးရုံအသစ်ကဲ့သို့ ပြန်လည်တည်ဆောက် ပေးနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်” ဟူသည့် စာနှင့် ဂျပန်ကလှူသည့် ဆေးရုံအသစ် ပုံတို့ကိုတွဲ၍ ၎င်း၏ လူမှုကွန်ရက်စာ မျက်နှာတွင် ရေးတင်ခဲ့သည်။

ဇေယျတု(မကွေး)