ကော့သောင်းမြို့နယ်ရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

Listing Description

ကော့သောင်း နိုဝင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးခန့်နှင့် ကော့သောင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော့သောင်းမြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ မဲရုံများတွင် မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးနေမှုအခြေအနေများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

ကြည့်ရှုစစ်ဆေးရာတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမဲရုံများ၌ ဥပဒေနှင့်အညီ ဆန္ဒမဲ လာရောက်ပေးလျက်ရှိသည့် မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ မဲရုံ အတွင်း၊ အပြင် စနစ်ကျမှု ရှိ၊ မရှိ၊ မဲရုံအတွင်း လျှို့ဝှက်ဆန္ဒပြုခန်းနှင့် သက်ဆိုင်ရာလွှတ်တော် မဲပုံးများ စနစ်တကျခင်းကျင်းထားရှိမှု ရှိ၊ မရှိ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံကိုယ်စားလှယ်များ၊ မဲရုံ အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကြည့်ရှုလေ့လာသူများကို နေရာချထားပေးမှုအခြေအနေများနှင့် မဲဆန္ဒရှင်ပြည်သူများ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးနှင့် ဆန္ဒမဲပေးမှုလုပ်ငန်းစဉ်များ အဆင် ပြေချောမွေ့မှုရှိ၊ မရှိ၊ ထူးခြားဖြစ်စဉ်နှင့် လိုအပ်ချက်များပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာအဖွဲ့အစည်း အဆင့်ဆင့်သို့ သတင်းပေးပို့ကြရေး မဲရုံများအလိုက် ကြည့်ရှုစစ်ဆေးကာ မှာကြားခဲ့သည်။

ကော့သောင်းမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလအပါအဝင် နိုင်ငံရေးပါတီ ရှစ်ပါတီက သက်ဆိုင်ရာလွှတ်တော်နေရာအသီးသီးအတွက်ကိုယ်စားလှယ်လောင်း ၂၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ကော့သောင်းတစ်မြို့နယ်လုံးအနေဖြင့် မဲရုံပေါင်း ၇၅ ရုံနှင့် မဲဆန္ဒရှင် ပြည်သူပေါင်း ၁၁၂၅၈၉ ဦးရှိကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)