မြင်းဝန်မင်းကြီးကျောင်းတိုက် (ပိဋကတ်ကျောင်း)

Listing Description

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၃ လမ်းနှင့် ၈၄လမ်းကြားတွင် တည်ရှိသည်။ မြင်းဝန်မင်းကြီးကျောင်းတိုက်သည် ၄၂ လမ်းမှ ၄၅ လမ်းထိ ကျယ်ဝန်းသော ကျောင်းတိုက်ကြီးဖြစ်သည်။ ရှေးယခင် အမရပူရခေတ်ကောင်းစားစဉ်က ၃၅ လမ်း အရိုးအိုးလေးဘုရားထိ ကျယ်ဝန်းသည်ဟု အဆိုရှိသည်။ ဘိုးတော်ဘုရားလက်ထက် ၁၁၄၇ ခုနှစ်တွင် မဟာမုနိရုပ်ပွားတော်ကြီးအတွက် ဂန္ဓကုဋိ အုတ်ပြသာဒ်ကြီး တည်ဆောက်ရန် ပန္နက်ချချိန်နှင့်အတူ အက္ကပတ်မြင်းဝန် ဦးမြတ်ထင် (နေမျိုးကျော်ထင်စည်သူ)က သူ၏ကုသိုလ်ဖြစ်သော မြင်းဝန်ကျောင်းတိုက်ကိုလည်း တစ်နေ့တည်းပန္နက်ချ၍ စတင်တည်ဆောက်လှူဒါန်းခဲ့သည်။ မြင်းဝန်ကျောင်းတိုက်ကို ယခင်က “မင်္ဂလာမှန်ကင်းတိုက်” ဟုလည်းခေါ်တွင်ခဲ့သည်။ မြင်းဝန်ကျောင်းတိုက်အတွင်း တနင်္ဂနွေထောင့်၌ ရှေးဟောင်းဘုရားဆူရေ ၄၀ ကျော်ခန့်ရှိသည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် မြင်းဝန်ကျောင်းတိုက်အတွင်းရှိ ပိဋကတ်ကျောင်း၊ အလယ်တိုက်ရွှေကျောင်း အဆောက်အအုံများကို အမိန့်ကြော်ငြာစာအမှတ် (၃၀/ ၂၀၂၂) ဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်း အဆောက်အအုံများအဖြစ် သတ်မှတ်ခဲ့သည်။