ကင်းဝန်မင်းကြီးကျောင်း-သာကဝန်ကျောင်း

Listing Description

ကင်းဝန်မင်းကြီးဦးကောင်း၏ ကောင်းမှုတော် သာကဝန်ကျောင်းတော်ကြီးသည် မန္တလေးမြို့၊ ဒေးဝန်းအရှေ့ရပ်၊ မဟာအောင်မြေမြို့နယ်၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြား၊ ၃၈ လမ်းတွင် တည်ရှိပြီး သစ်သားဖြင့် အနောက်တိုင်းဟန် တည်ဆောက်ထားသော ရတနာပုံခေတ် လက်ရာဖြစ်ပါသည်။ သာကဝန်ကျောင်းကို ကင်းဝန်မင်းကြီးဦးကောင်းမှ မြန်မာသက္ကရာဇ် ၁၂၄၁ ခုနှစ်တွင် ငွေကျပ် ၅၀၀၀၀ ကျော် ကျခံသုံးစွဲ တည်ဆောက်ခဲ့ပြီး ပထမကျော် ပထမစာတော်ချကျမ်းပြု စလင်းဆရာတော် ဦးပညာသီဟအား လှူဒါန်းခဲ့ပါသည်။ တည်ဆောက်မှုအာလုံးကို ကျွန်းသားဖြင့်သာ ဆောက်လုပ်ထားပြီး ကျွန်းတိုင် ၁၀၈ တိုင်ဖွဲ့စည်းပါဝင်ကာ အောက်ထပ်တွင် အလျားဘက်၌ တိုင် ၁၀ တိုင်၊ အနံဘက်၌ တိုင် ၇ တိုင်ကို သစ်သားဆန်ခါ ကွက်များဖြင့် တစ်ဆက်တည်း ကာရံထားပါသည်။ ကျောင်းတော်တွင် ကင်းဝန်မင်းကြီးသည် ဥရောပသို့ သံတမန်အဖြစ် သွားရောက်သည့်အခါတွင် တွေ့ရှိခဲ့သည့် အနောက်နိုင်ငံမှ အလှတန်ဆာများဖြစ်သည့် Corinthian တိုင်များ၊ ပန်းတန်းများ (Friezes) နှင့် အခုံးများ စသည်တို့ပါဝင်သည်။ အမိုးခုံးပါဝင်ပြီး တိုက်တန်းများဖြင့် ဝန်းရံထားကာ ဥရောပဗိသုကာပညာရှင်များဖြစ်ကြသည့် အီတလီလူမျိုး M. Comodo နှင့် ပြင်သစ်လူမျိုး M. Bonvallein တို့က ဒီဇိုင်းရေးဆွဲထားသည်။ ကျောင်းတွင်တပ်ဆင်ထားသည့် အုတ်လှေကားများ အနက် မြောက်ဘက်လှေ ကားသည် အကြီးဆုံးနှင့်အကျယ် ဆုံးဖြစ်သည်။ ကျောင်းတော်ကြီးရှိ ထူးခြားဆန်းပြားသော ဥရောပဟန် အနုအရွလက်ရာများကြောင့် ထိုခေတ်က မြန်မာ့လက်မှုပညာနယ်ပယ် အဆင့်အတန်းမြင့်မားလှပုံကို တွေ့မြင်နိုင်ပါသည်။