ဗန်းမော်ကျောင်းတိုက်

Listing Description

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၉ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြားတွင် တည်ရှိသည်။ မူလက အမရပူရမြို့တော်၊ အရှေ့ပြင်မြိတ်တန်းရပ်တွင် တည်ရှိခဲ့သည်။ အမရပူရခေတ် ၊  သက္ကရာဇ် ၁၁၈၂ ခုနှစ် ခန့်တွင် ဗန်းမော်မိဖုရား ဥပေါတရာ က ဆောက်လုပ်လှူဒါန်းခဲ့ပြီး ကျောင်းတိုက် ဒါယိကာမ ဗန်းမော်မိဖုရားကို အကြောင်းပြု၍ ဗန်းမော်ကျောင်းတိုက်ဟု ခေါ်တွင်ခဲ့သည်။ မင်းတုန်းမင်းလက်ထက် မန္တလေးသို့ နန်းတော်ရွှေ့ပြောင်းစံသောကြောင့် ကျောင်းတိုက်ကို မန္တလေးနန်းတော်၏ တောင်ဘက် မင်္ဂလာတည့်တည့်မှ ၂ မိုင်ခန့်အကွာတွင် တည်ထားခဲ့သည်။ သီပေါမင်းလက်ထက်တွင် ကျောင်းတိုက် ချို့ ယွင်းပျက်စီးခဲ့သဖြင့် သီရိအတုလဒေဝီ ဗန်းမော်မိဖုရား၏ အနွယ် ကောင်းတုံမြို့စားမင်းသမီးက ခမ်းနားစွာ ပြင်ဆင် ဆောက်လုပ်ခဲ့သည်။ ၁၂၈၀ ပြည့်နှစ်တွင် အင်္ဂလိပ်အစိုးရသည် လယ်ယာစိုက်ပျိုး ရေးသိပ္ပံကျောင်း ဆောက်လုပ်လိုသဖြင့် ဗန်းမော်တိုက်ကို ယခုလက်ရှိ နေရာသို့ ပြောင်း ရွှေ့ခဲ့သည်။  ယခုလက်ရှိ ကျောင်းတစ်ခုလုံးနီးပါးမှာ ပြန်လည်ပြုပြင်ထားသော ခေတ်လက်ရာဖြစ်ကြောင်း သိရသည်။ ဗန်းမော်ကျောင်းတိုက်တွင် သီတင်းသုံးသော ဆရာတော်များကို ဗန်းမော်ဆရာတော်များ ဟု အမည်ခေါ်တွင်ကြသည်။