အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၊ မော်လမြိုင်

Listing Description

မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ ပန်းဘဲတန်းလမ်းတွင် တည်ရှိသည်။ ခရစ်နှစ် ၁၈၉၉ ခုနှစ်တွင် ဂျီစီဘီအေ မြန်မာအသင်းချုပ်ကြီးဥက္ကဋ္ဌ ဦးချစ်လှိုင်၏ဖခင် မော်လမြိုင်မြို့သစ်ကုန်သည် သူဌေး ဦးသာညှင်းက ငွေကြေး မ တည်၍ ဆောက်လုပ်လှူဒါန်းခဲ့ပြီး ထိုခေတ်က ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်း (Shin Maha Buddhaghosa National School) ဟု လူသိများသည်။ ကျောင်းကြီးဆောက်လုပ်ပြီးစီးသွားသောအခါ ဝိုင်အမ်ဘီအေ (YMBA) ခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကို စတင်တည်ထောင်သူ ဦးမေအောင်က ကျောင်းအုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ အမျိုးသားကျောင်းများ မပေါ်ပေါက်မီ နှစ်ပေါင်း အတော်ကြာကပင် ပေါ်ပေါက်ခဲ့သော ကျောင်းဖြစ်သည်။ ကိုလိုနီခေတ် မြန်မာပြည်၌ ဗုဒ္ဓဘာသာကျောင်းများအနက် အဦးဆုံးပေါ်ပေါက်ခဲ့သော ကျောင်းလည်း ဖြစ်သည်။ ၁၉၂၉ ခုနှစ်တွင် အိန္ဒိယ၏ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီသည် ခွဲရေးတွဲရေး (ထိုစဉ်က မြန်မာပြည်သည် ဗြိတိသျှအိန္ဒိယပြည်၏ ပြည်နယ်တစ်ခုသာ ဖြစ်ခဲ့သည်) ကိစ္စအတွက် ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်းတွင် ကျင်းပသော ညီလာခံ၌ မြန်မာလူထုနှင့် တွေ့ဆုံခဲ့သည်။ ရှင်မဟာဗုဒ္ဓဃောသ ဦးဘသန်းဟု လူသိများသော ဝဏ္ဏကျော်ထင်ဘွဲ့ရ သတင်းစာဆရာ၊ စာရေးဆရာ ဦးဘသန်းသည် ရှင်မဟာဗုဒ္ဓဃောသ အထက်တန်းကျောင်း၌ ပါဠိနှင့် မြန်မာစာဆရာအဖြစ် ၂၄ နှစ်တိုင်တိုင် အမှုထမ်းခဲ့သည်။ ယခုအခါ ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်းသည် အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းအဖြစ် တည်ရှိပြီး နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော သင်ရိုးညွှန်းတမ်းအတိုင်း သူငယ်တန်းမှ ဒသမတန်းအထိ သင်ကြားပေးလျက်ရှိပါသည်။