အကျွတ်အလွတ်စေတီတော်

Listing Description

အကျွတ်‌စေတီတော်နှင့် အလွတ်‌စေတီတော်တို့မှာ ပဲခူးမြို့အနောက်တောင်ဘက်တွင်ရှိသော မဇင်းချောင်း၏ တောင်ဖက်တောအတွင်း ကျိန်း၀ပ်တော်မူလျှက်ရှိပါသည်။ သက္ကရာဇ် ၇၈၅ ခုနှစ်တွင် ရာဇာဓရာဇ်၏သားတော် ဗညားဓမ္မရာဇာ သည် ဟံသာ၀တီ၌ နန်းတက်ရာ တိုင်းပြည်မငြိမ်းမချမ်းရှိလေလျှင် မင်းကြီးသည်စိတ်လက်မသာ ရှိတော်မူလေသည်။ ထိုအချိန် ပန်းရံတောင်ငူအရှင်မြတ်ကြွလာ၍ မင်းကြီးအား တရားဟောကြားသဖြင့် မင်းကြီးသည် အကုသိုလ်စရိုက်တို့မှ ကျွတ်လွတ်ခွင့်ရရှိသည့်အတွက် ဟံသာ၀တီမြို့တော်အနောက် သု၀ဏ္ဏမဟီကုန်း၌ စေတီတည်တော်မူပြီးလျှင် နန်းစဉ်ကိုးကွယ်ခဲ့သော ဒက္ခိဏသာခါရုပ်ပွားတော်နှင့် ဓာတ်တော်သုံးဆူတို့ကို ဌာပနာခဲ့ပါသည်။ ထို့အပြင် မင်းကြီး၀တ်ဆင်သော မကိုဋ်တော်နှင့် ပတ္တမြားတို့ကိုလည်း ဌာပနာ၍ စေတီတော်အား ထီးတော်တင်လှုပြီး ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ပါသည်။ ထိုစေတီတော်အပြင် ကုန်းအနီးမြောက်ဘက်ယွန်းယွန်းတွင်လည်း ဓာတ်တော်များဌာပနာ၍ စေတီတစ်ဆူထပ်မံတည်ခဲ့ကာ ထိုစေတီတော်တို့အား အကျွတ်စေတီနှင့်အလွတ် စေတီဟူ၍ ခေါ်တွင်ခဲ့ပါသည်။ နှစ်ကာလ ကြာမြင့်လာသဖြင့် ထိုစေတီတော်တို့သည် ချုံနွယ်ပိတ်မြောင်များအုပ်ဆိုင်းကာ တောအုပ်အသွင် ပြောင်းလဲ‌ပျောက်ကွယ်နေခဲ့လေရာမှ ရန်ကုန်မြို့၊ နာဂလှိုဏ်ဂူကလေး၀တောရကျောင်းဆရာတော် ဦးသာဂရဦးဆောင်လျှက် ၁၃၂၁ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်နေ့တွင် ရှာဖွေဖူးမြင်ရသဖြင့် ချုံနွယ်များအားရှင်းလင်းကာ ၁၃၂၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်နေ့မှစ၍ ဆရာတော်ကြီးမှကြီးကြပ်ကာ စေတီဟောင်းနေရာတွင် စေတီငယ်တစ်ဆူစီ ပြန်၍တည်တော်မူပြီး ကဆုန်လဆန်း ၃ ရက်နေ့တွင် ၎င်းစေတီ နှစ်ဆူအား ထီးတော်တင်လှုခြင်းနှင့် အနေကဇာတင်ပွဲများ ပြုလုပ်ကျင်းပခဲ့ပါသည်။