ဗိုလ်ချုပ်အောင်ဆန်းဈေး

Listing Description

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း (ယခင် ကော်မရှင်နာလမ်း)ပေါ်တွင် တည်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းဈေးသည် ကမ္ဘာလည့်ခရီးသွားအများစု စိတ်ဝင်စားကြသော ဈေးဖြစ်သည်။ ရန်ကုန်မြူနီစပယ်အဖွဲ့ (ယခု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ)မှ ၁၉၂၆ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး မြူနီစပယ်မင်းကြီး Gavin Scott ၏ အမည်ကိုအစွဲပြုကာ စကော့ဈေးအမည်ဖြင့် ဖွင့်လှစ်ခဲ့သည်။ ဂျပန်ခေတ်အရောက်တွင် ရဲဘော်သုံးကျိတ်ဝင် ဗိုလ်ရန်နိုင်ကို ဂုဏ်ပြု၍ ရန်နိုင်ဈေးဟု အမည်ပေးခဲ့ပြီး လွတ်လပ်ရေးရအပြီးတွင် ဗိုလ်ချုပ်အောင်ဆန်းဈေးဟု အမည်ပြောင်းလဲခဲ့သည်။ ဆိုင်ခန်းပေါင်း ၂၀၀၀ ကျော်ပါဝင်ပြီး ခေတ်အဆက်ဆက် ရန်ကုန်မြို့နေ လူတန်းစားအသီးသီးအတွက် နောက်ဆုံးပေါ် ဖက်ရှင်အဝတ်အထည်များ၊ လက်ဝတ်ရတနာများ၊ နေ့စဉ်လိုအပ်သည့် ပစ္စည်းများ ဝယ်ယူရာနှင့် အားလပ်ချိန် လည်ပတ်ရာ အဓိက နေရာတစ်ခုဖြစ်သည်။ ယခုအခါ ယင်းဈေးကြီးသည် မြို့နေသူများအတွက်သာမက ကမ္ဘာလှည့်ခရီးသွားများအား အနုပညာပစ္စည်းများ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများဖြင့် ဆွဲဆောင်နိုင်သော နေရာလည်း ဖြစ်လာခဲ့သည်။ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT)မှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ၁၆ ခုမြောက် ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခဲ့ပါသည်။ (ဗိုလ်ချုပ်အောင်ဆန်းဈေးသည် အပတ်စဉ် တနင်္လာနေ့တိုင်း ပိတ်သည်။)