အမျိုးသားစာကြည့်တိုက်(ရန်ကုန်)

Listing Description

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သည် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်း၊ အမှတ် ၆၀၄/ ၆၀၈ တွင်တည်ရှိပါသည်။ ၁၉၅၂-ခုနှစ်တွင် ဘားနတ်အခလွတ်စာကြည့်တိုက်ကို ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီးဌာနမှ လွှဲပြောင်းရယူခဲ့ပြီး နိုင်ငံတော်စာကြည့်တိုက် ဟု အမည်ပြောင်းလဲခဲ့ပါသည်။ ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန၊ ညွှန်ကြားရေးဝန်၏ စီမံအုပ်ချုပ်မှုအောက်တွင် အမျိုးသားပြတိုက်နှင့် အတူထားရှိခဲ့သည်။ ၂.၇.၁၉၆၂ ခုနှစ်တွင် အမှတ်(၁၆၆)၊ ပန်းဆိုးတန်းလမ်း၊ ဒုတိယထပ်နှင့် တတိယထပ်များသို့ ပြောင်းရွှေ့ခဲ့ပါသည်။ ၁၉၆၄ ခုနှစ်တွင် အမျိုးသားစာကြည့်တိုက်ဟု အမည်ပြောင်းခဲ့ပါသည်။ ၁၉၆၅ ခုနှစ်တွင် ရန်ကုန်မြို့တော်ခန်းမ၊ တတိယထပ် တောင်ဘက်နှင့် အနောက်တောင်ဘက်ခြမ်းရှိ အခန်းများသို့ ပြောင်းရွှေ့ခဲ့ပြီး ပြည်သူလူထုအတွက် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၈၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကမ်းနားလမ်းရှိ ခြောက်ထပ်ရုံး အဆောက်အဦး ပထမထပ်နှင့် ဒုတိယထပ်များသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် လေးထောင့်ကန်လမ်းနှင့် အရှေ့မြင်းပြိုင်ကွင်းလမ်းထောင့်သို့ ပြောင်းရွှေ့ခဲ့ပြီး ၁၂.၆.၂၀၀၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၈ ခုနှစ်၊ ဩဂုတ်လတွင် အမှတ် (၈၅-က)၊ သီရမင်္ဂလာရိပ်သာလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်ထိဖွင့်လှစ်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် အများပြည်သူ အလွယ်တကူလာရောက် လေ့လာနိုင်စေရန် ယခုတည်ရှိရာ အမှတ် ၆၀၄/၆၀၈ ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။

အမျိုးသားစာကြည့်တိုက်သည် စာပေပစ္စည်းများကို နိုင်ငံအချင်းချင်း စာအုပ်လဲလှယ်ရေး အစီအစဉ်အရလည်းကောင်း၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းအသီးသီးနှင့် အလှူရှင်များထံမှ လက်ဆောင်ရရှိခြင်း၊ လှူဒါန်းသည်ကို လက်ခံရရှိခြင်း၊ ဝယ်ယူခြင်းတို့ဖြင့် စုဆောင်းထားရှိပါသည်။ တစ်နှစ်လျှင် စာပေပစ္စည်းပေါင်း ၃၀၀၀ ကျော်ကို စုဆောင်းရရှိပါသည်။ စာကြည့်တိုက်ကို နံနက် ၁ဝနာရီ မှ ညနေ ၄နာရီအထိ နိုင်ငံတော် ရုံးပိတ်ရက်များမှအပ တနင်္လာ မှ သောကြာနေ့ အထိဖွင့်လှစ်ပါသည်။